(ပြည်တွင်း) ဇန်နဝါရီ ၁၃
စိုက်ပျိုးမြေများအပေါ်တွင် စိုက်ပျိုးရေးနှင့်မသက်ဆိုင်သည့်လုပ်ငန်းများ ဆောင် ရွက်ခြင်း မပြုရန်လိုပြီး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန် များတိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားမှုတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အချို့စိုက်ပျိုးမြေရယူထားသူများ အနေဖြင့် စိုက်ပျိုးမြေများပေါ်တွင် သတ်မှတ်ချက်ထက်ကျော်လွန်သည့် အိမ်ယာများ ဆောက်လုပ်ခြင်းနှင့် အဆောက်အဦ ဆောက်လုပ်ရန်အတွက် ခြံကွက်များပြုလုပ်ထား သည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးမြေများအား အခြားနည်းများဖြင့်အသုံးပြုရာတွင် ဥပဒေ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အဆင့်ဆင့်တင်ပြ၍ ခွင့်ပြုချက်ရယူဆောင် ရွက်ရန်လိုကြောင်း၊ မြေအသုံးချမှုများ စည်းကမ်းတကျဖြစ်စေရေး တာဝန်ရှိသူများ အနေဖြင့် စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြေားကြားခဲ့သည်။
ထို့အပြင် စိုက်ပျိုးရေး သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် စိုက်ပျိုးရေးအခြေခံနည်းလမ်းလေးသွယ်ကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ပြင်ဦးလွင်မြို့သည် အအေးပိုင်းဒေသဖြစ်သဖြင့် ဂျုံသီးနှံများစိုက်ပျိုးမည်ဆိုပါက ဖြစ် ထွန်း အောင်မြင်နိုင်မည်ဖြစ်သည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
#PAN #စိုက်ပျိုးရေး #လယ်ယာမြေ #စိုက်ပျိုးမြေ #နစက