
(ပြည်တွင်း) ဇွန် ၂၅
မြန်မာနိုင်ငံ၏ သတင်းစာပညာလောကနှင့် စာပေလောကတွင် ထင်ရှားကျော်ကြားလှသော ပညာရှင်ကြီး၊ အမျိုးသားစာပေတစ် သက်တာဆုရှင် ဆရာကြီး တက္ကသိုလ်မြတ်သူ (ဦးမြတ်သူ) သည် ဇွန်လ ၂၄ ရက် ညနေ ၆ နာရီ ၁၃ မိနစ်အချိန်တွင် ရန်ကုန်မြို့ရှိ အမှတ် (၂) ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း မိသားစုနှင့် စာပေအသိုင်းအဝိုင်းထံမှ သိရသည်။ ကွယ်လွန်ချိန်တွင် ဆရာကြီးသည် အသက် ၉၅ နှစ် ရှိပြီ ဖြစ်သည်။
ဆရာကြီး တက္ကသိုလ်မြတ်သူကို ၁၉၃၁ ခုနှစ်တွင် မြင်းခြံမြို့၌ မွေးဖွားခဲ့ပြီး၊ ၁၉၄၆ ခုနှစ်မှစတင်ကာ စာပေ လောကသို့ ခြေချဝင်ရောက်ခဲ့သည်။ ဆရာကြီးသည် ခုနစ်စုနှစ် (နှစ်ပေါင်း ၇၀ ကျော်) တိုင်တိုင် စာပေနယ်ပယ်အတွင်း မြတ်နိုးစွာ ဥဿာဟပြု ဆောင်ရွက်ခဲ့ပြီး ကဗျာ၊ ဝတ္ထု၊ သုတ/ရသစာပေများနှင့် သတင်း စာပညာဆိုင်ရာ စာအုပ်စာတမ်းများစွာကို ရေးသားပြုစုခဲ့သည်။
အထူးသဖြင့် ဆရာကြီး ရေးသားခဲ့သည့် “သတင်းစာပညာကမ္ဘာ” ကဲ့သို့သော စာအုပ်များသည် ယနေ့တိုင် နောင်လာနောက်သား သတင်းစာဆရာများအတွက် အဖိုးမဖြတ်နိုင်သော ကိုးကားရာ ကျမ်းတစ်စောင် ဖြစ်နေဆဲဖြစ်သည်။ သတင်းစာလောကတွင်လည်း ပြည်တော်စိုး၊ ခေတ်သစ်၊ အိုးဝေ၊ အမျိုးသား၊ ဗိုလ်တထောင်၊ မြန်မာ့အလင်း၊ ဟံသာဝတီနှင့် ကြေးမုံ စသည့် ထင်ရှားသော သတင်းစာတိုက်ကြီးများ၌ သတင်းထောက်ဘဝမှသည် အယ်ဒီတာချုပ်အဆင့်အထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်ကာ မီဒီယာလောကတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။
စာပေနှင့် နိုင်ငံတော်အကျိုးကို သယ်ပိုးခဲ့မှုကြောင့် ဆရာကြီးသည် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်၏ အမြင့်ဆုံး စာပေဆုဖြစ်သော အမျိုးသားစာပေတစ်သက်တာဆု၊ ၂၀၂၂ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့၊ ၂၀၂၁ ခုနှစ်တွင် စည်သူဘွဲ့၊ ၂၀၁၈ ခုနှစ် ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆု၊ ၂၀၀၇ ခုနှစ်တွင် လူမှုထူးချွန်တံဆိပ် (ဒုတိယအဆင့်) နှင့် ၁၉၉၅ ခုနှစ်တွင် အမျိုးသားစာပေဆု (ကဗျာပေါင်းချုပ်) တို့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည်။
စာပေရေးသားခြင်းအပြင် ဆရာကြီးသည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ အမျိုး သားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၄) မှ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့် နိုင်ငံရေးဖြတ် သန်းမှုလည်း ရှိခဲ့သည်။
ဆရာကြီးသည် စာပေအပေါ် ထားရှိသည့် နက်ရှိုင်းသော သံ ယောဇဉ်ဖြင့် မိမိဘဝတစ်လျှောက်လုံး စုဆောင်းခဲ့သည့် ရှားပါးစာအုပ်များ၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်များနှင့် ၎င်းမြတ်နိုးစွာတီးခတ်ခဲ့သည့် တူရိယာပစ္စည်းများ၊ သမိုင်းဝင်မှတ်တမ်းများကို နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်သို့ လှူဒါန်းခဲ့သည်။ လက်ရှိတွင် ၎င်းပစ္စည်းများကို “တက္ကသိုလ်မြတ်သူ စုဆောင်းမှုအခန်း (Tekkatho Myat Thu Collection Room)” အဖြစ် အများပြည်သူလေ့လာနိုင်ရန် စနစ်တကျ ထိန်းသိမ်းပြသထား သည်။
စာပေလောကသားများနှင့် ဝါသနာရှင်များက ဆရာကြီးကဲ့သို့သော ဦးနှောက်နှင့် အသိပညာရှင်ကြီးတစ်ဦး ကွယ်လွန် သွားခြင်းသည် မီဒီယာလောကအတွက်သာမက တစ်နိုင်ငံလုံးအတွက်ပါ ကြီးမားသော ဆုံးရှုံးမှုဖြစ်သော်လည်း ဆရာကြီးချန်ထားရစ်ခဲ့သည့် စာပေလက်ရာများနှင့် အမွေ အနှစ်များသည် နောင်လာနောက်သားများ၏ ရင်ထဲတွင် ထာဝရရှင်သန်နေမည်ဖြစ်ကြောင်း ဝမ်းနည်းစွာဖြင့် ဂုဏ်ပြုပြောကြားလျက်ရှိကြောင်း သိရပါသည်။
Telegram»…
https://t.me/positiveanglenews
#PAN