ဂျပန်မြောက်ပိုင်းတွင် ပမာဏ ၆.၉ ရှိသော ပြင်းထန်ငလျင် လှုပ်ခတ်၍ လူခြောက်ဦးထက်မနည်း ဒဏ်ရာရ၊ ရှားပါးလှသည့် ဂျပန်စံနှုန်း “အဆင့် ၆ အထက်” အထိ ပြင်းထန်ခဲ့ပြီး ရထားလိုင်းများ ဆိုင်းငံ့ထားရဆဲ

(နိုင်ငံတကာ) ဇွန် ၂၅      

     ဂျပန်နိုင်ငံမြောက်ပိုင်း အအိုမိုရီ (Aomori) နှင့် အီဝါတေး (Iwate) ပြည်နယ်တို့တွင် ကြာသပတေးနေ့(ယနေ့) နံနက်ပိုင်းက ပမာဏ (Magnitude) ၆.၉ ရှိသော အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ အနည်းဆုံး ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။                    

   ဂျပန်မိုးလေဝသနှင့် ဇလဗေဒအေဂျင်စီ (JMA)၏ ထုတ်ပြန်ချက်အရ ငလျင်ဗဟိုချက်သည် အီဝါတေးပြည်နယ်ကမ်းလွန် ပင်လယ်ရေပြင်အောက် အနက် ၅၀ ကီလိုမီတာတွင် ရှိပြီး၊ ငလျင်အရှိန်ကြောင့် မြို့တော်တိုကျိုအထိ လှုပ်ခတ်မှုတုန်ခါမှုကို ခံစားခဲ့ရသည်။      

ယခုငလျင်သည် အအိုမိုရီပြည်နယ် ဟာရှီကာမီ (Hashikami)မြို့တွင် ဂျပန်နိုင်ငံ၏ ငလျင်ပြင်းအားတိုင်း တာမှုစံနှုန်း (အဆင့် ၇ အထိရှိသည့်အနက်) အလွန်ရှားပါးပြီး လူများလမ်းမလျှောက်နိုင်ဘဲ ဝပ်တွားသွားရလောက်သည့် “အဆင့် ၆ အထက် (Upper 6)” အထိ မှတ်တမ်းတင်ခဲ့သည်။

     ငလျင်ကြောင့် တိုဟိုကု ဆင်ကန်ဆန်း ကျည်ဆန်းရထားလိုင်း အပါအဝင် ဒေသတွင်း ရထားလိုင်းအများအပြား ယာယီရပ် ဆိုင်းခဲ့ရပြီး ကျည်ဆန်းရထားများ နေ့လယ်ပိုင်းတွင် ပြန်လည်ပြေးဆွဲနိုင်ခဲ့သော်လည်း ပြည်နယ်တွင်း ရထားလမ်းပိုင်းများမှာမူ ပိတ်ဆို့နေဆဲ ဖြစ်သည်။ အစိုးရဘက်က ဝန်ကြီးချုပ်ရုံးတွင် အရေးပေါ်လုပ်ငန်းအဖွဲ့ (Task Force) ဖွဲ့စည်းကာ လှုပ်ရှားဆောင်ရွက်နေပြီး၊ ကာကွယ် ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (SDF)အား လေကြောင်းမှတစ်ဆင့် ကယ်ဆယ်ရေးနှင့် သတင်းအချက်အလက် စုဆောင်းရန် ညွှန်ကြားထားသည်။

     ဒေသတွင်း နျူကလီးယားစွမ်းအင်သုံး အဆောက်အအုံများ ပျက်စီးမှုမရှိကြောင်း အစိုးရက အတည်ပြုထားပြီး ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) က “ဆူနာမီဘေး အန္တရာယ် မရှိသော်လည်း ပြည်သူများအနေဖြင့် အလားတူပြင်းအားရှိ နောက်ဆက်တွဲငလျင်များအတွက် နိုးနိုးကြားကြားရှိရန်” နှိုးဆော်ထားသည်။          

     မြေငလျင်ကျွမ်းကျင်ပညာရှင်များနှင့် JMA အရာရှိများက ယခုငလျင်လှုပ်ခတ်ခဲ့သည့် ဂျပန်မြှောင်ဒေသ (Japan Trench) နှင့် ကူရီးလ်မြှောင်ဒေသ (Kuril Trench) အနီးတစ်ဝိုက်သည် လွန်ခဲ့သည့် ဧပြီနှင့် မေလများကတည်းက ပမာဏ ၇.၇ အပါ အဝင် ငလျင်များ ဆက်တိုက်လှုပ်ခတ်နေသည့် ဗဟိုချက်ဖြစ် ကြောင်း ထောက်ပြထားသည်။

     တိုဟိုကုတက္ကသိုလ်မှ မြေတိုင်းတာရေးပညာရှင် ဖူမီအာကီ တိုမီတာက ဧပြီလငလျင်ကြီးအပြီး မြေပြင်အောက်ကျောက်ဖျာချပ်များ အရှိန်လျှော့ရွေ့လျားမှု (Afterslip) ဖြစ်စဉ်ကြောင့် ယခုငလျင် ဖြစ်ပွားရခြင်း ဖြစ်နိုင်ကြောင်းနှင့် နောင်တွင် ပြင်းအားအဆင့် ၈ ရှိသည့် မဟာငလျင်ကြီး (Megathrust Quake) သို့မဟုတ် ၁၉၉၄ ခုနှစ်ကကဲ့သို့ အကြီးစားငလျင်မျိုး ထပ်မံလှုပ်ခတ်လာနိုင်ခြေ ရှိသဖြင့် လာမည့်တစ်ပတ်အတွင်း (အထူးသဖြင့် ၂ ရက်၊ ၃ ရက်အတွင်း) နောက်ထပ် ပြင်းထန်ငလျင်လှုပ်ခတ်နိုင်ခြေ ၁၀% မှ ၂၀% အထိ ရှိနိုင်သောကြောင့် ပြည်သူများ အမြဲအဆင်သင့် ပြင်ဆင်ထားကြရန် သတိပေးထားသည်။           

Telegram»…
https://t.me/positiveanglenews

#PAN