“ယူကရိန်းသည် ဆက်လက်တောင့်ခံနေဆဲဖြစ်သည်” ဟု ရုရှားကို အချက်ပြရန် ဥရောပအင်အားကြီး ငါးနိုင်ငံ (E5) ဘာလင်၌ အရေးပေါ်ထိပ်သီးဆွေးနွေး  

(နိုင်ငံတကာ) ဇွန် ၂၅      

     လာမည့် ဇူလိုင်လတွင် တူရကီနိုင်ငံ အန်ကာရာမြို့၌ ကျင်းပမည့် နေတိုး (NATO) ထိပ်သီးအစည်းအဝေးကြီးမတိုင်မီ ရုရှား ၏ ကျူးကျော်မှုကို ခုခံနေသည့် ယူကရိန်းနိုင်ငံအား “ပြင်းပြင်း ထန်ထန်နှင့် သိသိသာသာ ဆက်လက်ပံ့ပိုးသွားမည်” ဖြစ်ကြောင်း ဥရောပအင်အားကြီး ငါးနိုင်ငံအဖွဲ့ (E5) က ကမ္ဘာကြီးထံသို့ သဝဏ်လွှာပါးကာ ကတိပြုလိုက်သည်။

    ဂျာမနီအဓိပတိ ဖရီးဒရစ် မာဇ်(Friedrich Merz)သည် ဗြိတိန်၊ ပြင်သစ်၊ အီတလီနှင့် ပိုလန်နိုင်ငံတို့မှ ထိပ်သီးခေါင်းဆောင်များကို ဘာလင်မြို့၌ လက်ခံတွေ့ဆုံကာ E5 ထိပ်သီးအစည်း အဝေးကို ဗုဒ္ဓဟူးနေ့တွင် အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး၊ နေတိုးအဖွဲ့အကြီးအကဲ မာ့ခ် ရုတ္တေ (Mark Rutte)နှင့်လည်း ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။                

   အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်မည့် ဇူလိုင် ၇ ရက်နှင့် ၈ ရက် နေတိုးထိပ်သီးအစည်းအဝေးတွင် ယူကရိန်းအတွက် ခိုင် မာသော အကာအကွယ်ပေးမှုများ ပြသနိုင်ရန် ဂျာမနီအဓိပတိ မာဇ်၊ ပြင်သစ်သမ္မတ မက်ခရွန်၊ ဗြိတိန်ဝန်ကြီးချုပ် စတာမာ၊ အီတလီဝန်ကြီးချုပ် မီလိုနီနှင့် ပိုလန်ဝန်ကြီးချုပ် တာ့စ်ခ်တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

    ၎င်းကြေညာချက်တွင် ရုရှားအပေါ် စီးပွားရေးအရ ဖိအားပေးမှုများနှင့် ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်ရန်၊ ယူကရိန်း၏ စွမ်းအင်ကဏ္ဍ ကြံ့ကြံ့ခံနိုင်ရေး ကူညီရန်နှင့် စစ်ရေးအသုံးစရိတ်များ မြှင့်တင်ရန် သဘောတူခဲ့ကြသည်။          

  မြေပြင်သတင်းများအရ ယခုတွေ့ဆုံမှုသည် နေတိုးအဖွဲ့အတွင်း ဥရောပအင်အားကြီးနိုင်ငံများ၏ တာဝန်ယူမှုကို ပြသရန်ဖြစ်ပြီး၊ အထူးသဖြင့် စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ရန် ကြိုး ပမ်းနေသည့် အမေရိကန်သမ္မတ ထရမ့်နှင့် ရုရှားသမ္မတ ပူတင်တို့ထံ E5 အဖွဲ့၏ ပြတ်သားသော စစ်ရေးရပ်တည်ချက်ကို ပြသလိုခြင်းဖြစ်ကြောင်း သုံးသပ်ရသည်။

     တစ်ချိန်တည်းမှာပင် ပြင်သစ်နှင့် အီတလီခေါင်းဆောင်များက ဥရောပတပ်ဖွဲ့များအနေဖြင့် ပင်လယ်ကွေ့ဒေသ လုံခြုံရေးအတွက် ဟော်မုဇ်ရေလက်ကြား(Strait of Hormuz)တွင် စစ်ရေးမစ်ရှင်တစ်ခု လုပ်ဆောင်ရန် အဆင် သင့်ရှိနေကြောင်း နေတိုးအစည်းအဝေး၌ အချက်ပြသွားမည်ဟု ဆိုသည်။ သို့သော် ၎င်းမစ်ရှင်အတွက် အမေရိကန်နှင့် အီရန်တို့အကြား နျူကလီး ယားစစ်ဆေးရေးနှင့် ဆိုင်းငံ့ပိုင်ဆိုင်မှုများဆိုင်ရာ အပစ်ရပ် နားလည်မှုစာချွန်လွှာ (MoU) အပြီးသတ်ရန် လိုအပ်ကြောင်း စည်းကမ်းချက် ထည့်သွင်းထားသည်။

     ထို့ပြင် ၎င်းဆွေးနွေးပွဲတွင် ရာထူးမှနုတ်ထွက်တော့မည့် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ၏ ပြီးခဲ့သည့် နှစ်နှစ်တာ ပူး ပေါင်းဆောင်ရွက်မှုများကို ဥရောပခေါင်းဆောင်များက အထူးချီးကျူးခဲ့ကြပြီး၊ ၎င်း၏ ကြိုးပမ်းမှုကြောင့် ဥရောပသည် “ဘရက်ဇစ် (Brexit)ကိစ္စကို ခေတ္တမေ့လျော့ကာ” တညီတညွတ်တည်းသော စစ်ရေးအင်အားစုကြီးအဖြစ် ပြန်လည်စုစည်းမိသွားကြောင်း ပိုလန်ဝန်ကြီးချုပ်က လေးစားစွာ ထည့်သွင်းပြောကြားခဲ့သည်။           

Telegram»…
https://t.me/positiveanglenews

#PAN