ကမ္ဘောဒီးယား အတိုက်အခံလွှတ်တော် အမတ်ဟောင်းတစ်ဦးအား လုပ်ကြံသတ်ဖြတ်သူများကို ဖမ်းဆီး


(နိုင်ငံတကာ) ဇန်နဝါရီ ၁၀

ကမ္ဘောဒီးယားအတိုက်အခံလွှတ်တော် အမတ်ဟောင်းတစ်ဦးအား လုပ်ကြံသတ်ဖြတ်သူများကို ဇန်နဝါရီလ ၈ ရက်က ကမ္ဘောဒီးယားနိုင်ငံတွင် ဖမ်းဆီရမိခဲ့ကြောင်း ကမ္ဘောဒီးယားသတင်းဌာန များ၏ ဖော်ပြချက်များအရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကမ္ဘောဒီးယားအတိုက်အခံလွှတ်တော် အမတ်ဟောင်းတစ်ဦးဖြစ်သူ Mr. Lim Kimya ကို သေနတ်သမားတစ်ဦးက ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း ထိုင်းမီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။

အဆိုပါ ကမ္ဘောဒီးယားနိုင်ငံရဲ့အဓိက အတိုက်အခံအမတ်ဟောင်းဖြစ်ခဲ့သူ အသက် ၇၄ နှစ်အရွယ် Mr. Lim Kimya သည် သူ၏ ပြင်သစ်နိုင်ငံသား ဇနီးသည်၊ ကမ္ဘောဒီးယားဆွေမျိုးတစ်ဦးတို့ နှင့်အတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိနေစဉ် အခုလို လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။

Bangkok Post သတင်းဌာနက “ကမ္ဘောဒီးယား အတိုက်အခံ လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်တဲ့ Mr. Lim Kimya ဟာ အခင်းဖြစ်ပွားရာ နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ Mr. Lim Kimya အား လုပ်ကြံသတ်ဖြတ်သူကို စုံစမ်းရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ သေဆုံးသွားသူ Mr. Lim Kimya ဟာ ကမ္ဘောဒီးယား-ပြင်သစ်နိုင်ငံသားတစ်ဦး ဖြစ်ပါတယ်”လို့ ကနဦးတွင် ရေးသားဖော်ပြခဲ့သည်။

Mr. Lim Kimya အား ပစ်ခတ်လုပ်ကြံမှုတွင် သံသယရှိတဲ့ ထိုင်းရေတပ်က တပ်ကြပ် အမ် လို့ လူသိများသည့် Ekkalak Paenoi ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်၌ ကမ္ဘောဒီးယားနိုင်ငံ တွင် ဖမ်းဆီးရမိခဲ့သည်။

သံသယရှိသူ တပ်ကြပ်ကြီး အမ် သည် ဇန်နဝါရီလ ၇ ရက် ညနေ ၅ နာရီ ၅၄ မိနစ်ခန့်မှာ ဖယာနခွန်ခရိုင်၊ ဝက်ဘိုဝင်နီဝတ်ဗီဟရာဘုရားကျောင်းအနီး လမ်းပေါ်တွင် Mr. Lim Kimya ကို သေနတ်ဖြင့် သုံးချက် တိတိ ပစ်ခတ်လုပ်ကြံခဲ့ခြင်း ဖြစ်သည်။

ထိုင်းအာဏာပိုင်တွေသည် သံသယရှိသူ တပ်ကြပ် အမ် ကို ဖမ်းဝရမ်းထုတ်ခဲ့သလို ၂၄ နာရီအတွင်းမှာပဲ ကမ္ဘောဒီးယား အာဏာပိုင်တွေနဲ့ ပူးပေါင်းကာ ကမ္ဘောဒီးယားနိုင်ငံအတွင်း ဖမ်းဆီးနိုင်ခဲ့သည်။

တပ်ကြပ် အမ် ဟာ ထိုင်းရေတပ်တွင် ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တို့မှာ အပြစ်ကျူးလွန်မှုကြောင့် နှစ်ကြိမ်ထိန်းသိမ်းခံရဖူးသည့် အမှုဟောင်း များရှိခဲ့သလို ၂၀၂၃ ခုနှစ်မှာလည်း ခွင့်မဲ့ပျက်ကွက်မှုဖြင့် စွဲချက်တင်ခံရပြီး ထိုင်းတပ်မတော်မှ ထုတ်ပယ်ခံထားခဲ့ရ သူ ဖြစ်သည်။

တပ်ကြပ် အမ် အနေနဲ့ လုပ်ကြံမှုအပြီးမှာ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး ဇန်နဝါရီလ ၈ ရက် ညနေပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံအာဏာပိုင်တွေက ၎င်းကို ကမ္ဘောဒီးယားနိုင်ငံ မောင်းဝ်ရပ်ဆီခရိုင်အတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘောဒီးယားရဲတပ်ဖွဲ့က သံသယတရားခံ အမ် ကို ဆက်လက်စုံစမ်းစစ်ဆေးဖို့ အတွက် ထိုင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။ လုပ်ကြံခံရသူ Mr. Lim Kimya သည် ၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံ အထွေထွေ ရွေးကောက်ပွဲအပြီး ကမ္ဘောဒီးယားလွှတ်တော်ရဲ့ အတိုက်အခံအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN #ကမ္ဘောဒီးယား #သတ်ဖြတ်