ရုရှားနှင့် မဟာဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် လုပ်ဆောင်မည်ဟု ကင်ဂျုံအွန်ပြော

(နိုင်ငံတကာ) ဇန်နဝါရီ ၁

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ရုရှားနှင့်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ပြောကြားခဲ့သည်ဟု KCNA သတင်းအေဂျင်စီက ဒီဇင်ဘာလ ၃၁ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနှင့်ရုရှားနိုင်ငံတို့ကြား ဆက်ဆံရေး သည် ၂၀၂၄ ခုနှစ် အတွင်းစီမံကိန်းသစ်များဖော်ဆောင်ခြင်းအားဖြင့် ပိုမိုမြင့်တက် ခိုင်မာလာခဲ့ကြောင်း၊ မိမိအနေ ဖြင့်လည်း နှစ်နိုင်ငံဆက်ဆံရေးပိုမိုခိုင်ခံ့လာစေရေးလုပ်ဆောင်ရန် ဆန္ဒရှိနေကြောင်း ဒီဇင်ဘာလ ၃၁ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရုရှားနိုင်ငံသားများသို့ စာရေးသားပေးပို့၍ နှုတ်ခွန်းဆက်သရာတွင် ထည့်သွင်း ဖော်ပြခြင်း ဖြစ်သည်။

ထို့ပြင် ၂၀၂၅ ခုနှစ် နှစ်သစ်သည် ရုရှားတပ်မတော်နှင့် ရုရှားပြည်သူများ၏ ၂၁ ရာစုအတွင်း ပထမဆုံး အကြိမ် အောင်ပွဲရရှိသောနှစ်တစ်နှစ်အဖြစ် မှတ်တမ်းတင်ခံရမည်ဖြစ်ကြောင်း ခေါင်းဆောင်ကင် က ဆက်လက် ပြောကြားခဲ့ကြောင်း KCNA သတင်းအေဂျင်စီ က ဆက်လက်ဖော်ပြသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နှစ်ဦးသည် ၂၀၂၄ ခုနှစ်အတွင်း ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပ ပြီး အပြန်အလှန်ကာကွယ်ရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ သဘောတူညီချက် အရ စစ်ရေးအရ တိုက်ခိုက်ခံရပါက တစ်နိုင်ငံအာ အခြားတစ်နိုင်ငံမှ အပြန်အလှန်အကူအညီပေးမည်ဖြစ်ကြောင်း သိရသည်ဟု Straight Time သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN