မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ရန်ပြင်ဆင်

(ပြည်တွင်း)  ဒီဇင်ဘာ ၂၃

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရန် ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ ၂၀၂၅ ခုနှစ် မတ် ၁၃ ရက်မတိုင်မီ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေစင်ရွှေပြားကပ်လှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ် နားတော်၊ ထီးတော်များအား အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ပြီးစီးရန်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ရွှေသင်္ကန်းကပ်လှူပူဇော်ရာတွင် စေတီတော်၏ ငှက်ပျောဖူးတော်မှာ ၉ လက်မပတ်လည် တစ်ကျပ်သား ရွှေစင်ရွှေပြား ၁၇၂ ချပ်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်၊ ကြာမှောက်ကြာလန်၊ ဖောင်းကိုးရစ်၊ ပန်းဆွဲ၊ ခေါင်းလောင်းတို့တွင် ၂ လက်မပတ်လည်ရွှေဆိုင်း ၁,၉၅၀ ဆိုင်းတို့နဲ့ ကပ်လှူပူဇော်သွားမှာဖြစ်တာကြောင့် ရွှေစင်ရွှေပြားများနှင့် ရွှေဆိုင်းများကို လှူဒါန်းလိုသူများအနေနဲ့ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။

#PAN