ကလေး- တမူးလမ်းကြောင်းပေါ်ရှိအကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် တမူးမြို့နယ်၊ဘုတ်ကန်စံပြကျေးရွာအား ထပ်မံသိမ်းပိုက်ရရှိ

(ပြည်တွင်း)ဇူလိုင် ၂၉

တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး-တမူးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရန် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုး
ထားသည့် မြို့/ရွာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး(Counter Terrorism Operation) လုပ်ငန်းများ၊ နယ်မြေလုံခြုံရေးလုပ်ငန်းများကို မနေမနား အားသွန်ခွန်စိုက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အဆိုပါ ကလေး-တမူး လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် တပ်မတော်စစ်ကြောင်း
များသည် စနစ်တကျစုဖွဲ့ပြင်ဆင်ပြီး စစ်ကြောင်းများခွဲ၍ ဟန်ချက်ညီညီဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို နေ့မနား ညမအား သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တမူးမြို့
ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာနှင့် အဆိုပါဒေသတစ်ဝိုက်အထိအား လည်းကောင်း၊ ကလေးမြို့ဘက်မှချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ကလေး-တမူးလမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများအား တစ်ခုပြီးတစ်ခုအဆင့်ဆင့်ပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ဇူလိုင် ၂၆ ရက်တွင် ထင်းဇင်ရွာသစ်နှင့် ထင်းဇင်ရွာဟောင်းတို့အား သိမ်းပိုက်ရရှိခဲ့သည်။

တပ်မတော်စစ်ကြောင်းများသည် ကလေး-တမူး လမ်းကြောင်းအား အမြန်ဆုံးပြန်လည် ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ အေးချမ်းစွာ ပြန်လည်နေထိုင်နိုင်ရေးတို့အတွက် နယ်မြေလုံခြုံရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆက်လက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယမန်နေ့ ညနေပိုင်းတွင် ထင်းဇင်ရွာ၏ မြောက်ဘက် မီတာ ၆၂၀ဝခန့်အကွာရှိ ဘုတ်ကန်စံပြကျေးရွာအား ထပ်မံသိမ်းပိုက်ရရှိခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကျေးရွာအတွင်း ယာယီအခြေပြုနေထိုင်ခဲ့စဉ် ကာလအတွင်း ဒေသခံပြည်သူများ၏ နေအိမ်များအတွင်းမှ စားရေရိက္ခာနှင့်အသုံးဆောင်ပစ္စည်းများ၊ စည်းစိမ်ဥစ္စာများနှင့်တန်ဖိုးကြီးပစ္စည်းများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်
ဗိုလ်ကျပြီး … အတင်းအဓမ္မယူဆောင်အသုံးပြုခြင်း၊ နေအိမ်အဆောက်အအုံများအတွင်းပစ်ကျင်းများ၊ ဘန်ကာများပြုလုပ်၍ ခံစစ်စခန်းများ ပြုလုပ်ထားခြင်း၊ တိုက်နယ်ဆေးရုံ၊စာသင်ကျောင်းနှင့် ဌာနဆိုင်ရာ အဆောက်အအုံများအား ဖျက်ဆီးခြင်း၊ ၎င်းတို့ကို
မထောက်ခံသည့် ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းတို့ကို ရက်စက် ယုတ်မာစွာ ကျူးလွန်လုပ်ဆောင်ခဲ့ကြသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး-တမူး လမ်းကြောင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊အကြမ်းဖက်သောင်းကျန်းသူများ၏ လူမဆန်စွာ
အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသခံပြည်သူများ၏နေအိမ်၊ အဆောက်အအုံများ၊ ဌာနဆိုင်ရာအဆောက်အအုံများနှင့် လမ်းတံတားများပြန်လည်ပြုပြင်တည်ဆောက်ခြင်း၊ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး စသည့်
လူမှုစီးပွားဘဝများ အမြန်ဆုံးပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနများအလိုက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဒေသခံများ မိုင်းအန္တရာယ်ကင်းရှင်း
စေရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိသည်။

#PAN