(နိုင်ငံတကာ) ဒီဇင်ဘာ ၂၁
Oreshnik အသံထက်မြန်နှုန်းလွန် ဟိုက်ပါဆိုးနစ် တာလတ်ပစ်ဒုံးကျည်၏ စွမ်းရည်ကို လက်တွေ့ပြသရေး အတွက် အမေရိကန်နိုင်ငံနှင့် ဒုံးကျည်စနစ်ချင်း စီးချင်းထိုးရန် အသင့်ရှိကြောင်း ရုရှားသမ္မတ ပူတင် က ဒီဇင်ဘာလ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
နှစ်စဉ် ကျင်းပမြဲဖြစ်သော နှစ်ကုန်ကာလသတင်းစာရှင်းလင်းပွဲ၌ ရုရှားသမ္မတ ပူတင် က အဆိုပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ Oreshnik ဒုံးကျည်၏ စွမ်းရည်နှင့် ပတ်သက်၍ အနောက်အုပ်စု၏ သံသယများကို ချေဖျက်နိုင်ရေးအတွက် အမေရိကန်နိုင်ငံနှင့် ဒုံးကျည်စနစ်ချင်း စီးချင်းထိုးပြရန်လိုကြောင်း ရုရှားသမ္မတ ပူတင် က သတင်းထောက်များကို ပြောကြားခဲ့သည်။
ဒုံးကျည်စနစ်များ စီးချင်းထိုးပွဲအတွက် အမေရိကန်ဒုံးကျည်စနစ်များဖြင့် အကာအကွယ်ပေးထားမည့် ပစ်မှတ်နေရာတစ်ခုကို နှစ်ဖက်သဘောတူရွေးချယ်ရန်လိုကြောင်း သမ္မတ ပူတင် က ပြောကြားခဲ့သည်။
Oreshnik ဟိုက်ပါဆိုးနစ် တာလတ်ပစ်ဒုံးကျည်စနစ်သည် မည်သည့်အမေရိကန် လေကြောင်းရန်ကာကွယ် ရေးစနစ်မျိုးကိုမဆို ကျော်လွှားနိုင်ကြောင်း ရုရှားတပ်မတော်၏ အဆိုအရသိရသည်။
ရုရှားနိုင်ငံသည် ထိပ်ဖူးအများအပြား သယ်ဆောင်နိုင်သည့် Oreshnik ဒုံးကျည်ကို ယခုနှစ် နိုဝင်ဘာလ ၂၁ ရက်က ယူကရိန်းကို တိုက်ခိုက်ရာတွင် ပထမဆုံးအကြိမ် အသုံးပြုခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews