MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်ချက်များကို နိုင်ငံတော်မှဖြည့်ဆည်းပေးလျက်ရှိ

(စီးပွားရေး) ဒီဇင်ဘာ ၁၅

(၃၃) ကြိမ်မြောက် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၏ နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကို ရန်ကုန်မြို့တွင် ဒီဇင်ဘာလ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်ခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးက MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်ချက်များကို နိုင်ငံတော်မှ ဖြည့်ဆည်း ပေးလျက်ရှိကြောင်း၊ အသင်းချုပ်၏ နိုင်ငံစီးပွါးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းခဲ့မှုနှင့် အောင်မြင် မှု များအတွက် ကျေးဇူးတင် ဂုဏ်ယူကြောင်း ဦးစွာ ပြောကြားခဲ့ပါတယ်။

MSME လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် လုပ်ငန်းများဖြစ်လာစေ ရန် နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်၊ ကုန်ကြမ်း၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ စက်ပစ္စည်းနှင့်မြေနေရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ အသင်းချုပ်သည် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပေါင်းကူးသဖွယ်ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ပိုမို ကောင်းမွန်သည့် စီးပွားရေးဝန်းကျင်ဖြစ်လာစေရန် များစွာအထောက်အကူဖြစ်ကြောင်း ဆက်လက် ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး အသင်းချုပ်နှင့် ညီနောင်အသင်းများအနေဖြင့် ပြည်သူများ၏အကျိုးကို ရှေးရှု၍ ကုန်စျေးနှုန်းတည်ငြိမ်စေရေး ဆက်လက်ပူးပေါင်းကူညီပေးရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပြီးနောက် UMFCCI ဥက္ကဋ္ဌဦးအေးဝင်းကလည်း UMFCCI အနေဖြင့် ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှု များတိုးတက်လာစေရန်နှင့် ကြုံတွေ့နေရသော စီးပွားရေးဆိုင်ရာစိန်ခေါ်မှုများ၊ အခက်အခဲများကို ဝိုင်းဝန်း အဖြေ ရှာပေးနိုင်ရန် အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ပြောကြားခဲ့ပါတယ်။

#PAN