(စီးပွားရေး) ဒီဇင်ဘာ ၁၃
ပြည်တွင်း ပြောင်းစိုက်တောင်သူများအနေဖြင့် ပြောင်းသစ်များပေါ်လာချိန်တွင် ပြောင်းဈေးကောင်းရရှိလာပြီး ပြောင်းတစ်ပိဿာလျှင် ငွေကျပ် ၁,၆ဝဝ ခန့်အထိ ရရှိလာပါတယ်။
ပြည်ပသို့ ပြောင်းတင်ပို့မှုမှရရှိလာသည့် ပို့ကုန်ရငွေရရှိမှုပေါ်မူတည်ပြီး ပြည်တွင်းပြောင်းဈေးမှာ အတက်အကျ အနည်းငယ်ဖြင့် အရောင်းအဝယ်ဖြစ်လာကြောင်း၊ လက်ရှိ FOB ပေါက်ဈေးအတိုင်း တွက်ချက်ကာ အရင်းမရှုံးဈေးဖြင့် ပို့ကုန်သမားများက ဈေးကောင်းပေးဝယ်လာတာဖြစ်ပါတယ်။
လက်ရှိပြောင်းဈေးကွက်တွင် ရန်ကုန်အရောက်ဈေး တစ်ပိဿာလျှင် ငွေကျပ် ၁,၆ဝဝ ကျော်နှင့် မန္တလေး အရောက်ဈေး ၅၄ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၉ဝ,ဝဝဝ ဈေးရရှိနေပြီး နယ်ဈေးများမှာတော့ သယ်ယူပို့ဆောင် စရိတ်လျှော့ပြီး ဝယ်ယူလျက်ရှိပါတယ်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်းမှာ ပြောင်းတင်ပို့မှု မက်ထရစ်တန်ချိန် ၂ သန်းကျော် တင်ပို့ထားပြီး စုစုပေါင်း တန်ချိန် သုံးသန်းကျော်တင်ပို့ရန် မျှော်မှန်းထားပြီး ပို့ကုန်အမယ်များတွင် တတိယအများဆုံး နိုင်ငံခြားဝင်ငွေရရှိသည့် လယ်ယာထွက်ကုန် သီးနှံတစ်မျိုးလည်းဖြစ်ပါတယ်။
ပြောင်းကို ပြည်ပနိုင်ငံများဖြစ်တဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုများမှ အများဆုံး တင်ပို့လျက်ရှိပါတယ်။
မြန်မာနိုင်ငံတွင် ပြောင်းစိုက်ပျိုးမှုအနေနဲ့ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်းများကို ဒေသအလိုက် စိုက်ပျိုး လျက်ရှိကြောင်း သိရပါတယ်။
#PAN