(စီးပွားရေး) ဒီဇင်ဘာ ၁၃
ဒီဇင်ဘာလအတွက် ပြည်တွင်းစားဆန် ရည်ညွှန်းဈေးများ သတ်မှတ်ထုတ်ပြန်ထားပြီး သုံးလဆက်တိုက် ရည်ညွှန်းဈေးပြောင်းလဲမှုမရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းမှ ထုတ်ပြန်ထားပါတယ်။
သတ်မှတ်ရည်ညွှန်းဈေးနှုန်းများမှာ ပြည်တွင်းစားသုံးမှုများသည့် ဆန်အုပ်စုအလိုက် ၂၄ ပြည် တစ်အိတ်လျှင် အမြင့်ဆုံး ငွေကျပ် ၈၅,၀၀၀ ကျပ်မှ ၁၅၀,၀၀၀ အကြားရှိပြီး ဇီယာ၊ ငွေတိုး၊ ဧရာမင်း၊ နှံကောက် စသည့် ဆန်များမှာ ငွေ ကျပ် ၈၅,ဝဝဝ ကျပ်ဖြစ်ပါတယ်။
ဒါ့အပြင် ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသများမှ ထွက်ရှိတဲ့ ရွှေသွယ်၊ အညာသား၊ ပခန်း၊ မှော်ဘီ-၂၊ မှော်ဘီ-၃၊ ဖန်သီးသုခ၊ လုံးသွယ်မွှေး၊ ရက် ၉ဝ၊ မနော သုခ၊ ဆင်းသုခ၊ ဗျော့ထွန်း ဆန်ဈေးနှုန်းများကို တော့ ၂၄ ပြည် တစ်အိတ်လျှင် ငွေကျပ် ၉၇,ဝဝဝ ကျပ်ဖြင့် သတ်မှတ်ထားပြီး အခြားဆန်အမျိုးအစားများကိုလည်း သင့် တင့်မျှတသော ရည်ညွှန်းဈေးများ ထုတ်ပြန်ထားပါတယ်။
လစဉ်ထုတ်ပြန်လျက်ရှိတဲ့ ရည်ညွှန်းဈေးနှုန်းများကို စည်းကမ်းချက်နှင့်အညီ ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ အရည်အသွေးမမှန်မကန်ရောင်းချခြင်း၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ အရ တရားစွဲဆိုခြင်း၊ ဒဏ်ငွေနှင့် အခွန်ငွေသတ်မှတ်ပေးဆောင်စေခြင်း စတဲ့ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် ဆန်စက်များ၊ ဆန်အရောင်းဆိုင်များ၊ ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင်များ အလေးအနက်ထား လိုက်နာဆောင်ရွက်ရန်၊ နိုင်ငံခြားသို့ ပို့ကုန်တင်ပို့မှုများကြောင့် ပြည်တွင်း ဆန်ဈေးမြင့်တက်နေတယ်လို့ သတင်းမှား ဖြန့်ဝေမှုများလည်း ရှိနေကြောင်းကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးထားပါတယ်။
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံအထက်ပိုင်း၌ မိုးစပါးရိတ်သိမ်းချိန် ဖြစ်တာကြောင့် ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းစပါး၊ ရွှေသွယ်ရင်၊ ဆင်းသုခ၊ GW-11 စပါးများ ထွက်ရှိပြီး စပါးဈေးမြင့်တက်လျက်ရှိရာ စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၂၅ သိန်းကျော် ရရှိပြီး စပါးအမျိုးအစားအလိုက် ဈေးအနည်းငယ်ကွာခြားမှုများလည်းရှိနေပါတယ်။
မန္တလေး၊ ရွှေဘိုဒေသများမှ မိုးစပါးစိုက်တောင်သူ အများစုက မိုးစပါးရိတ်သိမ်းချိန်တွင် စပါးရောင်းချမှု မပြုလုပ်သေးဘဲ နောက်နှစ် မိုးစပါးရိတ်သိမ်းချိန် နီးမှသာ စပါးဟောင်းများကို ထုတ်ရောင်းလေ့ရှိကြောင်း သိရပါတယ်။
#PAN