အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှ ဆန္ဒပြလယ်သမားများကို အဝေးပြေးလမ်းပေါ်၌ ရဲတပ်ဖွဲ့က တားဆီးရန်ကြိုးပမ်း

(နိုင်ငံတကာ)ဒီဇင်ဘာ ၇

နယူးဒေလီမြို့သို့ ချီတက်လာသော ပန်ဂျပ်ပြည်နယ်မှ လယ်သမားများကို အိန္ဒိယရဲတပ်ဖွဲ့က အဝေးပြေးလမ်း ပေါ်၌ ပိတ်ဆို့တားဆီးရန် ကြိုးစားနေကြောင်း သိရသည်။ ပန်ဂျပ်ပြည်နယ်မှ အိန္ဒိယလယ်သမား ၁၀၀ ကျော်တို့သည် ကောက်ပဲသီးနှံဈေးနှုန်းများ မြှင့်တင်ပေးရေး အတွက် အစိုးရကို ဆန္ဒပြတောင်းဆိုရန် နယူးဒေလီမြို့ဆီသို့ အဓိကအဝေးပြေးလမ်းအတိုင်း ဒီဇင်ဘာလ ၆ ရက်တွင် စတင်ချီတက်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အဆိုပါဆန္ဒပြလယ်သမားများကို အိန္ဒိယရဲတပ်ဖွဲ့က နယူးဒေလီမြို့နှင့် ၁၂၅ မိုင်အကွာ အဝေးပြေးလမ်းတစ်နေရာတွင် ပိတ်ဆို့တားဆီးနေကြောင်း အိန္ဒိယမီဒီယာများက သတင်းထုတ်ပြန် ထားပါသည်။ ယင်းသို့ ပိတ်ဆို့တားဆီးစဉ် ဆန္ဒပြလယ်သမားများနှင့် ရဲတပ်ဖွဲ့ဝင်များကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အိန္ဒိယလယ်သမားများသည် ကောက်ပဲသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို နိုင်ငံတော်က ထောက်ပံ့ကူညီရေး အတွက် ဥပဒေရေးရာအရ အာမခံချက်ပေးရန် အစိုးရကို တောင်းဆိုထားကြောင်းသိရသည်။ လယ်သမားများ၏ ယခုဆန္ဒပြပွဲနှင့်ပတ်သက်၍ အိန္ဒိယအစိုးရခေါင်းဆောင်များက တစ်စုံတစ်ရာတုံ့ပြန်ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

#PAN