အမျိုးသားစာပေ တစ်သက်တာဆု ရရှိသူ ၆ ဦးကို ထုတ်ပြန်ကြေညာ


(ပြည်တွင်း) နိုဝင်ဘာ ၂၂

၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု ရရှိသူ စာပေပညာရှင် ၆ ယောက်ကို ပြန်ကြားရေး ဝန်ကြီးဌာန အမျိုးသား စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီက နိုဝင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံး အားထုတ်ရေးသား ပြုစုခဲ့တဲ့ ဆောင်ရွက်ချက် တွေကို နိုင်ငံတော်က အသိအမှတ်ပြုတဲ့အနေနဲ့ အမျိုးသားစာပေ တစ်သက်တာဆုရှင်တွေကို ရွေးချယ်ချီးမြှင့်ခဲ့တာလို့ ဆိုပါတယ်။

အမျိုးသားစာပေ တစ်သက်တာဆုရရှိသူတွေအနေနဲ့ ဒေါက်တာ မင်းတင်မွန် (ပါရဂူမင်းနန္ဒာ) ၊ ဆရာကြီး ဒေါက်တာ တိုးလှ၊ ဆရာကြီး ဦးညွန့်ဆွေ(မောင်ဆွေသက်)၊ ဆရာကြီး ဒေါက်တာ ကျော်ဝင်း (သမိုင်း)၊ ဆရာကြီး ဦးသန်းဆွေ (မောင်သန်းဆွေ ထားဝယ်) နဲ့ ဆရာကြီး ဦးညွန့်တင် (မောင်ငြိမ်းသူ ကြို့ပင်ကောက်) တို့ကို ရွေးချယ် ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်လက်ပြီး အမျိုးသားစာပေဆု ဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာ(ဂန္တဝင်)၊ စာပဒေသာဆု၊ မြန်မာ့ယဉ်ကျေးမှု နှင့် အနုပညာဆု၊ ကလေးစာပေဆု၊ လူငယ်စာပေဆု၊ ဘာသာပြန်(သုတ)၊ သုတပဒေသာ(ဝိဇ္ဇာ)၊ သုတပဒေသာ (ရိုးရိုးသိပ္ပံ) ၊ သုတပဒေသာ (အသုံးချသိပ္ပံ)၊ နိုင်ငံရေး စာပေဆု၊ အင်္ဂလိပ်ဘာသာ (သုတ)ဆု၊ ရသစာတမ်း (အက်ဆေး) ဆု၊ ရည်ညွှန်းစာပေဆု ရရှိသူတွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အမျိုးသားစာပေတစ်သက်တာဆုရှင်တွေအနေနဲ့ တစ်ယောက်ကို ကျပ်သိန်း ၁၀၀ ချီးမြှင့်သွားမှာဖြစ်ပြီး အမျိုးသားစာပေဆုတွေကတော့ တစ်ဆုကို ကျပ်သိန်း ၃၀ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ် အတွက် စာပေဗိမာန်စာမူဆုတွေဖြစ်တဲ့ ဝတ္ထုရှည်၊ ဝတ္ထုတို(ပေါင်းချုပ်)၊ ကဗျာ(ပေါင်းချုပ်)၊ သုတပဒေသာ (ဝိဇ္ဇာ)၊ သုတပဒေသာ (ရိုးရိုးသိပွံ) နှင့် (အသုံးချသိပ္ပံ)၊ စာပဒေသာဆု၊ မြန်မာ့ယဉ်ကျေးမှု နှင့် အနုပညာဆိုင်ရာစာပေဆု၊ လူငယ်စာပေဆု၊ နိုင်ငံရေးစာပေဆု၊ ပြဇာတ်စာပေဆု၊ ဘာသာပြန်စာပေဆု၊ အင်္ဂလိပ်စာမူဆု ရရှိသူတွေကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN