“မြန်မာနိုင်ငံထွက် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြု”

(စီးပွားရေး) နိုဝင်ဘာ ၂၀

တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှ လတ်ဆတ်တဲ့ နာနတ်သီး တင်သွင်းမှုအတွက် ပိုးမွှားကင်းရှင်းကြောင်း(Phytosanitary) ကြေညာချက်ကိုထုတ်ပြန်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၁ ရက်မှစတင်ပြီး မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိတဲ့ နာနတ်သီးများကို သတ်မှတ်ချက်များနှင့်အညီ တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုလိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ အသိပေးထုတ်ပြန်ထားကြောင်း သိရပါတယ်။

မြန်မာ့နာနတ်သီးများသည် အခြားနိုင်ငံမှ နာနတ်သီးများနှင့်မတူဘဲ တစ်မူထူးခြားသော သစ်သီးမွှေးရနံ့ရှိပြီး အသီးအရသာမှာလည်း ချိုချဉ်လတ်ဆတ်ပြီး အရည်ရွှမ်းသောကြောင့် စားသုံးသူများစွာကို အလွယ်တကူဆွဲဆောင်နိုင်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိပါတယ်။

အဆိုပါမြန်မာ့နာနတ်သီးကို ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အများဆုံး စိုက်ပျိုးကြပြီး ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်ရန်အတွက် စီစဉ်လုပ်ဆောင်မှုများရှိနေပါတယ်။

ဒါ့အပြင် နာနတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ မက်မွန်းမွန်းရွာ၊ တွံတီးရွာ၊ လွယ်ဆိုင်ရွာတို့တွင်လည်း စီးပွားဖြစ်စိုက်ပျိုးကြပြီး ဇူလိုင်လမှ စက်တင်ဘာအထိ ထွက်ရှိလေ့ရှိပါတယ်။

တရုတ်နိုင်ငံသို့ လတ်ဆတ်သီးနှံများတင်ပို့ရာတွင် GACC အသိအမှတ်ပြုသီးနှံအဖြစ် ခွင့်ပြုချက်ရရှိပြီး သီးနှံများ စာရင်းတွင် နာနတ်သီးကို တင်ပို့ခွင့်ပြုလိုက်ခြင်းဖြစ်ပါတယ်။

၂ဝ၁၉ ခုနှစ်၊ ဇွန်လ ၂ဝ ရက် က တရုတ်နိုင်ငံသို့ နာနတ်သီး တင်ပို့မှုကို ရပ်ဆိုင်းခဲ့ပြီး ယခုအခါမှာတော့ ပြန်လည်တင်ပို့ခွင့်ရရှိရေး သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

#PAN