(ပြည်တွင်း) နိုဝင်ဘာ ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့မှုနှင့် အောင်မြင်သည့်ဆွေးနွေးမှုရလဒ်များရရှိခဲ့မှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မကြာသေးမီက မိမိဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ် စားလှယ်အဖွဲ့အနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ် အတွင်းကူမင်းမြို့၌ ကျင်းပသည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ် ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီ ကော်မတီ အတွင်းရေးမှူး Mr. Yuan Jiajun နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ် ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီအတွင်း ရေးမှူး H.E. Mr. Wang Ning နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာကြသည့် နိုင်ငံများမှဝန်ကြီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကူမင်းမြို့၊ ချုံချင့်မြို့နှင့် ရှန်းကျန့်မြို့တို့ရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့လေ့လာခြင်းစသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများ အလိုက် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုရလာဒ်များ ပေါ်ထွက်လာအောင်ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ခိုင်မာအောင်ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံတော်အတွက်အပြုသဘော ဆောင်နိုင်ခဲ့သော အောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်း။
ခရီးစဉ်အတွင်း GMS အစည်းအဝေးသို့တက်ရောက်လာကြသည့် နိုင်ငံများမှ ဝန်ကြီးချုပ်များနှင့် သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုများဆောင်ရွက်စဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ မြန်မာနိုင်ငံ ဆောင်ရွက်နေသည့် အခြေအနေများ၊ နိုင်ငံအလိုက် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်နေသည့် အခြေ အနေများ၊ နိုင်ငံတကာ မျက်နှာစာများတွင် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မိတ်ဆွေနိုင်ငံများမှ ထောက်ခံအား ပေးမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang အနေဖြင့် GMS အစည်းအဝေးတက်ရောက်သည့် ဝန်ကြီးချုပ်များအနက် မြန်မာဝန်ကြီးချုပ်နှင့်သာ သီးခြားတွေ့ဆုံမှု ပြုလုပ်ခဲ့သည်ကိုတွေ့ရကြောင်း၊ သီးခြားတွေ့ဆုံ ဆွေးနွေးစဉ် မိမိအနေဖြင့် မြန်မာနိုင်ငံ၏ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ပြောကြားခဲ့ကြောင်း၊ ထိုသို့ဆွေးနွေးစဉ် တရုတ်နိုင်ငံ ဝန်ကြီးချုပ်၏ ဆွေးနွေးချက်များမှ အဓိကကျသည့် ဆွေးနွေးချက်များမှာ မြန်မာနိုင်ငံ အစိုးရ၏ ပြည်တွင်းတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်ချက်များကို တရုတ် နိုင်ငံဘက်က အစဉ်အမြဲထောက်ခံအားပေးနေကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် တက်တက်ကြွကြွထောက်ခံအားပေးပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှု ရှိစေရန်နှင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်များကို ဆက်လက်တွန်းအားပေး ဆောင်ရွက်နေမှု ကိုလည်း ထောက်ခံအားပေးပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို ထပ်လောင်းအတည်ပြုပါကြောင်း၊ မြန်မာနိုင်ငံအစိုးရ၏ တရုတ် – မြန်မာနယ်စပ် ဒေသကုန်သွယ်ရေးဂိတ်များနှင့် ပတ်သက်ပြီး စီမံခန့်ခွဲအုပ်ချုပ်မှုများကို တရုတ်နိုင်ငံ အနေဖြင့်အားပေးပါကြောင်း၊ တရုတ်ဘက်အနေဖြင့် မြန်မာနိုင်ငံနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် အတူတကွဖွံ့ဖြိုးတိုးတက်မှုရရှိလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် မိမိတို့အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် ပြတ်ပြတ်သားသား ရပ်တည်သည့် ပြောကြားချက်များပင်ဖြစ်ကြောင်း။
ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း လိုအပ်သည့်ကူညီမှုများ ထောက်ပံ့ပေးမည့် အခြေအနေများနှင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုနှင့် ပတ်သက်၍ ကူညီမှုများ ဆောင်ရွက်ပေးမည့် အခြေအနေများနှင့်ပတ်သက်၍ လည်းပြောကြားခဲ့ကြောင်း။
မိမိအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ် ပါတီ ကော်မတီအတွင်းရေးမှူး H.E. Mr. Wang Ning နှင့် တရုတ်ကွန်မြူနစ် ပါတီဗဟို ကော်မတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်၊ ချုံချင့် မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun တို့နှင့်လည်း တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အပြည့်အဝပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ပြောကြားခဲ့ကြောင်း၊ အပြုသဘောဆောင်သော ကောင်းမွန်သည့်ဆွေးနွေးမှုများကို တွေ့ရှိခဲ့ရကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အထူးအလေးထားသော ပြောဆိုဆက်ဆံမှု၊ ဆွေးနွေးမှုများကို ထင်ရှားစွာတွေ့ရှိခဲ့ ရကြောင်း။
GMS အစည်းအဝေးသို့တက်ရောက်လာသည့် အရှေ့တောင်အာရှနိုင်ငံ ၄ နိုင်ငံမှ ဝန်ကြီးချုပ်များနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးချိန်တွင်လည်း မိမိတို့နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေး ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော် တာဝန်များကို ထမ်းဆောင်ခဲ့မှုအခြေအနေများ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင် ရွက်လျက်ရှိမှုအခြေအနေများနှင့် ပွင့်လင်းမြင် သာသည့် ရွေးကောက်ပွဲ ဖြစ်စေရေး နိုင်ငံတကာမှ လေ့လာအကဲခတ်ရေးကိုယ်စား လှယ်အဖွဲ့များကို ဖိတ်ခေါ်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြော ကြားခဲ့ရာ နိုင်ငံများအလိုက် ထောက်ခံသည့် ဆွေးနွေးချက်များကို ပြန်လည်ပြောကြား ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်-မြန်မာစီးပွားရေးပူးပေါင်းမှု အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး ပညာတော်သင်များ ပိုမိုစေလွှတ်နိုင်ရေး ဆွေးနွေးနိုင်ခဲ့သဖြင့် အောင်မြင်သည့် ခရီးစဉ်တစ်ခုပင်ဖြစ်ကြောင်း။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ ကတိကဝတ် များအတိုင်း အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်
မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အထူးကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)သည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်းအသိသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်က Union Accord အဖြစ် အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် NCA သဘောတူစာချုပ် အတိုင်း အတတ်နိုင်ဆုံးရအောင် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့် လွှတ်တော်ကာလတွင်လည်း အချို့ကိစ္စရပ်များကို လွှတ်တော်၌ ဆက်လက်ဆွေးနွေးရန်အတွက် EAO များနိုင်ငံရေးပါတီများနှင့် သဘောတူဆွေးနွေးချက်များရရှိပြီး ဖြစ်ကြောင်း။
လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း ကို နိုင်ငံ့လူဦးရေ၏ ၆၃ ရာခိုင်နှုန်းကျော် ကောက်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ကောက်ယူရန်ကျန်ရှိနေသည့်နေရာများ၌ အတတ်နိုင်ဆုံး အနီးစပ်ဆုံးအထိ ရရှိအောင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် ကောက်ယူနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီများ မှတ်ပုံတင်ခြင်းများကို ဥပဒေနှင့်အညီခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ ဒေသနှင့် တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသားကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာနိုင်ရန် လိုအပ်ကြောင်း၊ လွှတ်တော်အတွင်း တိုင်းရင်းသားများနှင့် လူထုလူတန်းစား အလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာပါဝင်လာရေး အချိုးကျကိုယ်စားပြုစနစ် (PR)ကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် အမျိုးသားလွှတ်တော်တွင် ဖော်ဆောင်နိုင်ရေးဆောင် ရွက်နေကြောင်း။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံအတွက် အင်မတန် အကျည်းတန် အရုပ်ဆိုးသည့် မဲမသမာမှုဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၌ ပါလီမန်ဒီမိုကရေစီခေတ်တွင်လည်း ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ကြောင်း၊ ထိုအချိန်တွင် မဲမသမာမှုများရှိခဲ့သော်လည်း မဲဆန္ဒနယ် အနည်းအကျဉ်းသာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်အောင် ပြုလုပ်သူများသည် ၎င်းတို့၏သက်ဆိုင်ရာရွေးကောက်ခံ မဲဆန္ဒနယ်တစ်ခုတည်းတွင်သာမက ဘဲဒေသတစ်ခုလုံးတွင် အနိုင်ရရှိအောင် မဲမသမာမှုများကိုပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ မဲမသမာမှုများကို ပြန်လည်စိစစ်ခဲ့ချိန်တွင် မဲစာရင်းအချိုးအရ ပဲခူးတိုင်းဒေသကြီး၌ မဲစာရင်းမှားယွင်းမှု အများဆုံးဖြစ်ကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်လည်း မဲမသမာမှုများကို စိစစ်တွေ့ရှိခဲ့ရကြောင်း၊ ဦးဆောင်ပြုလုပ်သူများသည် ၎င်းတို့ သက်ဆိုင်ရာမဲဆန္ဒနယ်များတွင်သာမက တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ် တစ်ခုလုံးအတိုင်းအတာအထိ မဲမသမာမှုများကိုပြုလုပ်ခဲ့သဖြင့် ရွေးကောက်ပွဲ မသမာမှု ကျူးလွန်မှုသည် အတိမ်အနက်ကြီးမားကြောင်း၊ ထို့ကြောင့် ကျူးလွန်ခဲ့သည့် ပါတီအား ရွေးကောက်ပွဲ ဥပဒေအရ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါရွေးကောက်ပွဲ မဲမသမာမှုများတွင် တာဝန်ရှိသူများသည် NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(CEC) များဖြစ်ကြောင်း၊ ပါတီဗဟိုအလုပ် အမှုဆောင်ကော် မတီဝင်(CEC)များသည် ပါတီကိုကိုယ်စားပြုသူများ ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်တည်းကျူးလွန်ခြင်းမဟုတ်ဘဲ အဖွဲ့လိုက် လုပ်ဆောင်ခြင်းဖြစ် သဖြင့် အလားတူဖြစ်စဉ်မျိုးမဖြစ်ပွားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှုမရှိစေရေး၊ မဲစာရင်းများ မှန်ကန်မှုရှိစေရေး အဓိကဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေ ဖြင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး တာဝန်ခွဲဝေ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် Myanmar Electronic Voting Machine စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင်လည်း အဆိုပါမဲပေးစနစ်ကို အသုံးပြုလျက်ရှိပြီး မဲစာရင်းမှန်ကန်စေရန် အတွက်အထောက်အကူ ပြုသည့် စနစ်တစ်ခုဖြစ်ကြောင်း၊ ရွေးကောက်ပွဲအား လုံခြုံရေးအရ အပိုင်းလိုက်ခွဲခြား၍လည်း ပြုလုပ်နိုင်ကြောင်း။
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေး
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သည့် ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုရှိ မြို့နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး မိမိတို့နိုင်ငံ၏သမိုင်းတွင် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုတွင် အဆိုးရွားဆုံးဖြစ်ကြောင်း၊ သဘာဝဘေးကြောင့်ဖြစ် ပေါ်ခဲ့သည့် ထိခိုက်သေဆုံး ပျက်စီးမှုများအတွက် မိမိတို့အနေဖြင့် ထိုက်သင့်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း။
အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ ရှေ့သို့မရောက်နိုင်ဖြစ်နေ
သဘာဝဘေးအန္တရာယ်ကြောင့် မဟုတ်ဘဲ လူတို့၏လုပ်ဆောင်မှုများကြောင့် နိုင်ငံတော်အတွင်း လမ်း၊ တံတားများ၊ စာသင်ကျောင်းများနှင့် အဆောက်အဦများ ကြီးမားစွာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု အဆောက်အဦများ၊ လမ်းတံတားများကို ဆင်ခြင်တုံတရားမဲ့စွာ မိုက်လုံးကြီးစွာဖြင့် ဖျက်ဆီးလျက်ရှိကြောင်း၊ ၎င်းတို့ ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့ရသည်များကို ပြန်လည်ပြုပြင်တည်ဆောက်ခြင်းများ ဆောင်ရွက်နေရသဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ ရှေ့သို့မရောက် နိုင်ဖြစ်နေရကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် သုံးစွဲရမည်ငွေကြေးများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် သုံးစွဲကုန်ကျနေခြင်းသည် နိုင်ငံတော်အတွက် ထိခိုက်နစ်နာစေခြင်းပင်ဖြစ်ကြောင်း။
ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေကြခြင်းသည်ပြည်ပမှ သွေးထိုးမြှောက်ပင့်ပေးမှုများနှင့် အသိပညာအတတ်ပညာအားနည်းခြင်း၊ ဝေဖန်ပိုင်းခြားနိုင်မှု အားနည်းခြင်းများကြောင့်ပင်ဖြစ်ကြောင်း၊ ပညာရေးအရ အားနည်းသည့် ဒေသများ၌ အကြမ်းဖက်မှုများ၊ ဒုစရိုက်မှုများ ပိုမိုဖြစ်ပေါ်နေသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အနာဂတ်တွင်ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကို ပုံဖော်ပေးနိုင်ရေး ပညာရေးကို အားပေးဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ အတန်းပညာရှိမှသာ အတတ်ပညာများရရှိမည်ဖြစ်ပြီး စဉ်းစားတွေးခေါ်မှုများရရှိမည်ဖြစ်ကြောင်း။
နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ အားပေးဆောင်ရွက်
မိမိတို့အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးအားကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတိုး တက်ရေးဆောင်ရွက်ရန် လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေး အတွက် အချက် ၃ ချက်ဖြစ်သည့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ သီးထပ်စွမ်းအား မြှင့်တင်ရေး၊ စိုက်ဧကတိုးချဲ့ရေးကိုအလေးထား ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ် ကြောင်း။
စိုက်ပျိုးရေလုံလောက်စွာရရှိရေး မြစ်ချောင်းများကို အကျိုးရှိစွာအသုံးချရန်လို
စိုက်ပျိုးရေးတွင် ရေသည် မရှိမဖြစ်လိုအပ်သဖြင့် ရေအရင်းအမြစ်များ ရရှိရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် ရောက်ရှိသည့်ဒေသများတွင် နည်းလမ်းများရှာဖွေ ဆောင်ရွက်သွားကြရန် လိုကြောင်း၊ စိုက်ပျိုးရေအသုံးချရာတွင် မိုးကောင်းသောက်၊ ဆည်ရေ၊ မြစ်ရေတင်၊ မြေအောက်ရေ စသည်ဖြင့် သုံးစွဲကြ ကြောင်း၊ ဆည်ရေသောက်စိုက်ပျိုးရေးအတွက် ဆည်များတည်ဆောက်ရန်လိုနေသေး ကြောင်း၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့အား စနစ်တကျဖြင့် ထိန်းသိမ်း ဆောင်ရွက်သွား မည်ဆိုပါက စိုက်ပျိုးရေများကို များစွာရရှိမည်ဖြစ်ကြောင်း၊ မြစ်ဘေး တစ်လျှောက်တွင် စိုက်ပျိုးမြေများစွာရှိကြောင်း၊ မြစ်ကြောင်းများ ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြစ်ကြောင်းများတစ်လျှောက် အရေးကြီးသည့်နေရာများတွင် Low Head Dam များ တည်ဆောက်၍ စိုက်ပျိုး ရေများရရှိအောင် ဆောင်ရွက်နိုင်ကြောင်း၊ မြစ်ကြောင်းများ ထိန်းသိမ်းခြင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ကြောင်း၊ မိမိတို့နိုင်ငံအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားနှင့် စိုက်ပျိုးရေများ ရရှိစေရေးအတွက် မြစ်ချောင်းများကိုအကျိုးရှိစွာ အသုံးပြုရမည်ဖြစ်ကြောင်း၊ မိုးနည်းသည့်ဒေသများတွင် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြင့် စိုက်ပျိုးရေများလုံလောက်စွာရရှိနိုင်ကြောင်း။
ရေအရင်းအမြစ်များကို မှန်မှန်ကန်ကန်အကျိုးရှိရှိ အသုံးချနိုင်ရေး ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ရေနှင့် ဆက်စပ်ပြီး စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်ဖော်ဆောင် ပေးရန်လိုကြောင်း၊ မြို့ပြဧရိယာများ၌ သုံးမိုင်ပတ်လည်အကွာအဝေးအတွင်း၌ Green Zone များ ဖော်ဆောင်ပေးထားရန်လိုကြောင်း၊ အိမ်ခြံဝန်းများ၊ လမ်းဘေးဝဲယာများ၌ သစ်ပင်များစိုက်ပျိုးစေရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရ တာဝန်ထမ်းဆောင်ချိန်အတွင်း Green Zone များကိုဖော်ဆောင်ပေးသွားရမည်ဖြစ် ကြောင်း၊ မကြာမီကာလအတွင်း ပွင့်လင်းရာသီသို့ ရောက်ရှိတော့မည် ဖြစ်သဖြင့် စိုက်ပျိုးထားသည့် သစ်ပင်များ ဆက်လက်ရှင်သန်ဖြစ်ထွန်းစေရေး ဆောင်ရွက်ကြရန်လိုကြောင်း။
MSME လုပ်ငန်းများကိုဆောင်ရွက်ရာတွင် စက်မှုကုန်ထုတ်လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ရန်လို
ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်စေရေးအတွက် MSME လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ၅၀ ရာခိုင်နှုန်းခန့်သည် စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်း များဖြစ်သည်ကိုတွေ့ရကြောင်း၊ စက်မှုကုန်ထုတ်လုပ်ငန်းများကိုလည်း အားပေးဆောင် ရွက်ကြရန်လိုကြောင်း၊ စက်ရုံအကြီးများ ဆောင်ရွက်ရန်မဆိုလိုဘဲ စက်ယန္တရား အနည်းငယ်ဖြင့် ဆောင်ရွက်၍လည်းရကြောင်း၊ ပြည်တွင်းလိုအပ်ချက် ရှိသည့် အထည် အလိပ်လုပ်ငန်း၊ အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ၊ သံနှင့်သံမဏိ လုပ်ငန်း ကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်များ ကိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ဒေသအလိုက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများတိုးတက် ကောင်းမွန်အောင်ဆောင်ရွက် ပေးခြင်းတို့ဖြင့် ဒေသ၏လူသား အရင်းအမြစ်များကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ကောင်စီဝင်များအနေဖြင့်လည်း မိမိတို့ တာဝန်ယူထားရသည့် ဒေသများ အလိုက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။
ကောင်စီအဖွဲ့ဝင်များက အသီးသီးဆွေးနွေးတင်ပြ
ယင်းနောက်ကောင်စီဝင်များက လက်ရှိအချိန်တွင် လွိုင်ကော်ဒေသသည် ပြန်လည် တည်ငြိမ်အေးချမ်းနေပြီ ဖြစ်သဖြင့် လွိုင်ကော်ဒေသမှ ယာယီနေရပ်စွန့်ခွာနေရသူ များအနေဖြင့် ၎င်းတို့နေရပ်တွင် ပြန်လည်အခြေချ နေထိုင်လိုမှု၊ နိုင်ငံတော်၏ အနာဂတ်ကောင်းကို ပုံဖော်တည်ဆောက်ရာတွင် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်မှု၊ သက်ဆိုင်ရာဒေသ များအလိုက် ခရီးစဉ်များသွားရောက်၍ ဒေသခံပြည်သူလူထုများ၊ စိုက်ပျိုးရေး မွေးမြူရေး ဆောင်ရွက်သူများနှင့် ထိတွေ့၍ ၎င်းတို့တင်ပြချက်များ၊ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်မှုနှင့် နိုင်ငံတော်၏ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့မှု၊ လက်နက်ကိုင်အကြမ်းဖက် အဖွဲ့များအနေဖြင့် ဒေသနှင့်နိုင်ငံတော်အတွက် အကျိုးမရှိသည့် လက်နက်ကိုင် အကြမ်းဖက်သည့် လမ်းစဉ်ကိုစွန့်လွှတ်ကာ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာစေရေး ဆွေးနွေးအဖြေရှာ ဆောင်ရွက် ကြရန်လိုအပ်မှု၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဒေသများ၌ စားရေးအတွက် အခက်အခဲမရှိအောင် နိုင်ငံတော်မှဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိမှု တို့နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတစ်ခု၊ ဒေသတစ်ခု၌ ပဋိပက္ခကိုဖြစ်ပေါ်လာအောင် ဖန်တီးသည်မှာ ၎င်းဒေသနှင့် နိုင်ငံတို့တွင်နေထိုင်ကြသူများပင်ဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးကို မလိုလားသူများ၏ သွေးဆောင်မြှောက်ပင့်မှုများကြောင့်လည်းဖြစ်ကြောင်း၊ အလားတူ ဒေသတစ်ခုဖွံ့ဖြိုး တိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက်လည်း ၎င်းဒေသတွင် နေထိုင်သူများကပင် လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်ဒေသအတွင်း တည်ငြိမ်အေးချမ်း ရေးနှင့်ဒေသခံများ၏ လုံခြုံရေးကို ဖျက်ဆီးနေသည့် ဒေသတွင်းနေထိုင်သောလက်နက် ကိုင်အဖွဲ့အစည်း များ၏ အကြမ်းဖက်လုပ်ဆောင်မှုများ လျော့ပါးစေရေးအတွက် ကောင်စီဝင်များ အနေဖြင့်လည်း ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းတားဆီး ဆောင်ရွက်ပေးကြစေလိုကြောင်း။
ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့်ပတ်သက်ပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်နောက်ဆုံး အချက်၌ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်ရမည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews