ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ် အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပုဂံညောင်ဦးရှိ တန်းခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်

( ပြည်တွင်း ) နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိနေကြသည့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရား ပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ပုဂံ-ညောင်ဦးသို့ တပ်မတော်လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာရာ နေပြည်တော် တပ်မတော်လေဆိပ်၌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိများက ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ် အကြီးအကဲ ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးလေဆိပ်သို့ ရောက်ရှိရာ လေဆိပ်၌ သာသာနာရေးနှင့်ယဉ်ကျေးမူဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ပုဂံရှေးဟောင်းယဉ်ကျေးမူနယ်မြေရှိ ရွှေစည်းခုံဘုရား၊ ထီးလို မင်းလိုဘုရားနှင့် အာနန္ဒာဘုရားများသို့ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဗုဒ္ဓရုပ်ပွား တော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကာ အလှူငွေများပေးအပ် လှူဒါန်းကြသည်။

ထို့နောက် ဧည့်သည်တော်အဖွဲ့သည် ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြရာ သာသာနာရေးနှင့်ယဉ်ကျေးမူဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ပြခန်းတာဝန်ခံက ပြခန်းတစ်ခုချင်းစီအလိုက် လိုက်လံရှင်းလင်းပြသသည်။ မွန်းလွဲပိုင်း တွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ် အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲအာဇီဇော့ဖ်တို့အား Aureum Palace Hotel တွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပြီးနောက် အဆိုပါဟိုတယ်အတွင်း၌ ပုဂံဒေသထွက်ကုန်ဖြစ်သည့် ပုန်းရည်ကြီး ထုက်လုပ်ပုံအဆင့်ဆင့်အား လိုက်လံ ရှင်းလင်း ပြသကာ ပုန်းရည်ကြီးများ လက်ဆောင်ပေးအပ်သည်။

ယင်းနောက် ဧည့်သည်တော်အဖွဲ့သည် ဦးဘငြိမ်း ယွန်းထည်ဆိုင်သို့ သွားရောက် ပြီး ယွန်းထည်အဆင့်ဆင့်ပြုလုပ်နေမူများအား ကြည့်ရှုလေ့လာကြပြီး လက်ဆောင်ပစ္စည်း များ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ် အကြီးအကဲ H.E.Mr. Alexey Sambu evich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး မစ္စတာအီစ်ကန်ဒဲအာဇီဇော့ဖ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး တို့က ပို့ဆောင်နှုတ်ဆက်ခဲ့သည်။

#PAN