နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဋ္ဌမကြိမ် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေးသို့တက်ရောက်

(ပြည်တွင်း)နိုဝင်ဘာ ၈

     အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်း အဝေး (8th Greater Mekong Subregion Summit) ကို ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂန်ကွန်ဗင်း ရှင်းစင်တာ၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်သည်။

       အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang ၊ ကမ္ဘောဒီးယားဘုရင့်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Hun Manet ၊ လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Sonexay Siphandone ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra ၊ ဗီယက်နမ် ဆိုရှယ် လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Pham Minh Chich ၊ အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ Mr. Masatsugu Asakawa နှင့် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။        

အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်း အဝေးကို အပိုင်း ၂ ပိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး “နိုင်ငံ့ခေါင်းဆောင်များ သီးသန့်အစည်းအဝေး” နှင့် “မျက် နှာစုံညီ အစည်းအဝေး” ဟူ၍ အပိုင်း နှစ်ပိုင်းခွဲ၍ ကျင်းပပြုလုပ်သည်။

      ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် အစည်းအဝေးများသို့ တက်ရောက်ရန် ရောက်ရှိ လာရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီး ချုပ်က ကြိုဆိုနှုတ်ဆက်ပြီး အဖွဲ့ဝင်နိုင်ငံ များမှ ဝန်ကြီးချုပ်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

      ထို့နောက် ပထမအပိုင်းဖြစ်သည့် နိုင်ငံ့ ခေါင်း ဆောင်များ သီးသန့်အစည်းအဝေး ကို ကျင်းပပြုလုပ်ရာ သဘာပတိဖြစ်သူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များက  ဆန်းသစ်တီထွင်မှုဖော်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် ဒေသတွင်း ပေါင်းစည်းဆောင် ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ပြင်ဆင်ထားရမည့် ကိစ္စရပ်များ အပေါ် အကြံပြုဆွေးနွေးကြသည်။

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က ဆွေးနွေး ပြောကြားရာတွင် ယနေ့နိုင်ငံခေါင်းဆောင်များသီးသန့်အစည်းအဝေးတွင် ဆန်းသစ်တီထွင်မှု ဖြင့်‌ အောင်မြင်သည့်ဒေသခွဲတစ်ခု ပေါ်ပေါက်လာစေရေးကိစ္စရပ်များ၊ ဒေသတွင်း စီးပွား ရေးလုပ်ငန်းရှင်များကပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်မှုနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ ဆန်းသစ်တီထွင်မှုအတွက် အရင်းအမြစ်ရရှိမှု ကိစ္စရပ်များ၊ ဂျီအမ်အက်စ်အစီအစဉ်၏ ကဏ္ဍအားလုံးကို ဆန်းသစ်တီထွင်မှုမဟာဗျူဟာနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ အခြားကဏ္ဍများတွင် ဆက်လက်ဆောင် ရွက်သွားရမည်ကိစ္စရပ်များ အကြံပြုဆွေးနွေးခဲ့သည်။

     ထို့နောက် သဘာပတိက ဆွေးနွေးမှုများအပေါ်ကျဉ်းချုပ်တင်ပြပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေး ပထမပိုင်းကို ရုတ်သိမ်းခဲ့သည်။

      ထို့နောက် အစည်းအဝေးအစီအစဉ် ဒုတိယအပိုင်းအဖြစ် ဆန်းသစ်တီထွင်မှု ဖော်ဆောင်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အသိုက်အဝန်းဆီသို့” ခေါင်းစဉ်ဖြင့် နိုင်ငံ့ ခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးကို ဆက်လက်ကျင်းပရာ အဖွဲ့ဝင် နိုင်ငံ ၆ နိုင်ငံမှနိုင်ငံ့ခေါင်းဆောင်ကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌနှင့် မဟာမဲခေါင်ဒေသ ခွဲနိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ် စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ် များနှင့် အဖွဲ့ဝင်နိုင်ငံများမှ ဒေသန္တရအစိုးရကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ဦးခန့် ပါဝင်တက်ရောက်ကြသည်။

      အစည်းအဝေး၌ အိမ်ရှင်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် H.E. Mr. Li Qiang  က အဖွင့်အမှာစကား ပြောကြားပြီးနောက် အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ဥက္ကဋ္ဌတို့က အသီးအသီး အမှာစကား ပြောကြားကြသည်။

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် အဖွဲ့ဝင်နိုင်ငံများတွင် လူပေါင်းများစွာ ရေဘေးသင့်ဒဏ်၊ မြေပြိုမှု ဒဏ်များကို ခံစားခဲ့ကြရမှုကို အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းများ၊ ပြည်သူ များနှင့် အတူလက်တွဲပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်းကြောင့်ဆိုးရွားစွာခံစားခဲ့ရသည့် ဂျီအမ်အက်စ်ဒေသခွဲရှိ ပြည်သူများ အားလုံး ပုံမှန်အခြေအနေသို့ အမြန်ဆုံး ရောက်ရှိကြပါစေကြောင်း၊ ၁၉၉၂ ခုနှစ်ကတည်းကစပြီး ဆယ်စုနှစ် ၃ ခုကျော်ကာလ လျှောက်လှမ်း လာခဲ့သည့် ဂျီအမ်အက်စ်အစီအစဉ်သည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွင် သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်းဖြင့် ပြောကြားသည်။

      ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  မဟာဗျူဟာ ရေးဆွဲရေးဆိုင်ရာ သဘောတရားစာတမ်း (Concept Paper) အတည်ပြု မှုနှင့်ပတ်သက်၍ “ဆန်းသစ်တီထွင်မှု ဖော်ဆောင် ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် အသိုက်အဝန်းဆီသို့” ဆိုတဲ့ ဒီထိပ်သီးအစည်းအဝေးရဲ့ ခေါင်းစဉ်နဲ့ ဒီကနေ့အတည်ပြုမယ့် ဆန်းသစ်တီထွင်မှုမဟာဗျူဟာ (Innovation Strategy) တို့ဟာ ဂျီအမ်အက်စ်ဒေသခွဲအတွက် အချိန်အခါသင့် ဖြစ်ကြောင်း၊ ဂျီအမ်အက်စ်ရဲ့ ဆန်းသစ် တီထွင်မှုမဟာ ဗျူဟာ ၂၀၃၀ ဟာ ဂျီအမ်အက်စ် မဟာဗျူဟာ မူဘောင် ၂၀၃၀ အကောင် အထည် ဖော်ရာမှာ ပူးပေါင်းဆောင်ရွက်မှု တွေ အရှိန်မြှင့်တင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရေးဆွဲထား တာဖြစ်ပြီးမဟာဗျူဟာရေးဆွဲရေးဆိုင်ရာ သဘောတရားစာတမ်း(Concept Paper)ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၆ ကြိမ်မြောက် ဂျီအမ်အက်စ်ဝန်ကြီးများ အစည်းအဝေးမှာ အတည်ပြုခဲ့ကြပြီးဖြစ်ပါကြောင်း၊ ယနေ့ခေတ်ကာလတွင် ကမ္ဘာ့နိုင်ငံများအတွက်ရာသီဥတုပြောင်းလဲမှု၊ စားရေရိက္ခာဖူလုံမှု၊ သဘာဝဘေးအန္တရာယ်၊ ငွေကြေး ဖောင်းပွမှု၊ ကမ္ဘာ့ကျန်းမာရေး အကျပ်အတည်း၊ စွမ်းအင်ဈေးနှုန်း မြင့်တက်လာမှု၊ ရွှေ့ပြောင်း လုပ်သားနှင့် စီးပွားရေးမညီမျှမှုစသည့် စိန်ခေါ်မှုများ သည် အပြန်အလှန် ဆက်နွယ်နေကြခြင်း ဖြစ်ကြောင်း၊ ယင်းစိန်ခေါ်မှုများကို တစ်နိုင်ငံတည်း၊ အဖွဲ့အစည်းတစ်ခုတည်းအနေဖြင့် ဖြေရှင်း၍ မရသည့်အတွက် ညှိနှိုင်းပေါင်းစပ်မှုနှင့် ဘက်စုံချဉ်းကပ်ဆောင်ရွက်မည့် နည်းလမ်းများလိုအပ်ကြောင်း၊ ရေမြေအနေအထား၊ သဘာဝအခြေခံ တူညီနေသည့် ဂျီအမ်အက်စ် နိုင်ငံများအနေဖြင့် ဂေဟစနစ်များ၊ ရေလမ်းကြောင်းနှင့် ရာသီဥတု များကို မျှဝေလေ့ရှိခြင်းကြောင့် ယင်းစိန်ခေါ်မှုများကို ဖြေရှင်းရာတွင် ဂျီအမ်အက်စ် အစီ အစဉ်၏ 3 C ဟုခေါ်သည့် ချိတ်ဆက်မှု (Connectivity)၊ ယှဉ်ပြိုင်မှု (Competitiveness)နှင့် လူမှုအသိုက်အဝန်း (Community) စသည့် မဏ္ဍိုင် ၃ ရပ်အောက်တွင် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံတစ်ခုတည်ဆောက်ရာတွင် ကျန်းမာကြံ့ခိုင်သည့် လူ့စွမ်း အားအရင်းအမြစ်များ လိုအပ်သည့်အတွက်  နိုင်ငံတစ်နိုင်ငံ၏  ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု (Public Health Care) သည် လွန်စွာအရေးကြီးကြောင်း၊ နောင် အနာဂတ်ကာလတွင်  တိုးတက်လာမည့် လူဦးရေနှင့် ပြောင်းလဲလာမည့် လူမှုစီးပွား၊  ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကို ကြိုတင်တွက်ဆပြီး ရှိရင်းစွဲ အရင်းအမြစ်များကို အကောင်းဆုံး အသုံးချခြင်းဖြင့်  အမျိုးသားအဆင့် ဆောင်ရွက်မှုများကို ဂျီအမ်အက်စ်၏ ကျန်းမာရေးမဟာဗျူဟာနှင့် ချိတ်ဆက်ပြီး ဒေသန္တရအစိုးရများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသ၏ စိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် စားနပ်ရိက္ခာဖူလုံရေး (Food Security) နှင့် ပတ်သက်ပြီး ရိက္ခာဖူလုံမှု ပြဿနာသည် ပိုမိုကြီးမားလာဖွယ်ပင် ရှိကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဗဟုသုတများ  မျှဝေခြင်း၊ ဒေသတွင်း စားနပ်ရိက္ခာဈေးကွက် ဖော်ဆောင်ခြင်း၊ နည်းပညာ လွှဲပြောင်းမှု အပါအဝင် ရင်းနှီးမြုပ်နှံမှုများတိုးမြှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန် တင်ပို့မှု အများဆုံးနိုင်ငံများထဲတွင် အဆင့် ၈ ဖြစ်ပြီး ပဲတင်ပို့မှုတွင် အဆင့် (၂) ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံမှုသာမက ပို့ကုန်တိုးမြှင့်တင်ပို့နိုင် ရေးအတွက်လည်း ဆက်လက် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ဂျီအမ်အက်စ်၏ သင်္ကေတတစ်ခုဖြစ်သည့် စီးပွားရေးစင်္ကြံများဖွံ့ဖြိုးမှုသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုး တက်မှုကို အရှိန်မြှင့်တင်ရန်၊ ဒေသတွင်းပေါင်းစည်း မှုကို မြှင့်တင်ရန်နှင့် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုး တက်မှုကို မြှင့်တင်ရန်အတွက် လွန်စွာအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေခြင်းဖြစ်ကြောင်း၊ ယင်းစီးပွားရေး စင်္ကြံများကို အသုံးပြုပြီး အဖွဲ့ဝင် နိုင်ငံများအားလုံး ပါဝင်သော ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုး တက်မှုရရှိအောင် အလေးထား ဆောင် ရွက်ကြရမည် ဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ ဦးတည်ဆောင် ရွက်နေမှုများနှင့်စပ်လျဉ်းပြီး အကျဉ်းမျှ အသိပေး ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လွတ် လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေထိုင်ရေးမူကြီး  ၅ ရပ်အပေါ်တွင် အခြေခံပြီး နိုင်ငံအားလုံးနှင့် မိတ်ဝတ် မပျက် ဆက်ဆံရေးမူဝါဒကို ကျင့်သုံးနေခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ တော်နှင့် တိုင်းရင်းသား ပြည်သူများ၏ အကျိုး စီးပွားများကို အလေးထားပြီး ရှေ့လုပ် ငန်းစဉ် (၅) ရပ်၊  နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဦးတည်ချက် (၉)ရပ် ချမှတ်ကာ ကဏ္ဍအလိုက်အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း၊ ယခုထိပ်သီး အစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များ၏ အကြံပြုချက်များသည် အနာဂတ်တွင် ပိုမိုကြံ့ခိုင်၍ ခံနိုင်ရည်ရှိပြီး ရေရှည် တည်တံ့မှုရှိသည့် ဂျီအမ်အက်စ် အသိုက်အဝန်းတစ်ရပ်ဖြစ်ပေါ်လာရေးအတွက် များစွာအထောက် အကူ ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

       ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ဝန်ကြီးက သတ္တမအကြိမ် ဂျီအမ်အက်စ် ထိပ်သီးအစည်းအဝေး နောက်ပိုင်း ရရှိခဲ့သည့် ဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို နိုင်ငံ့ခေါင်း ဆောင်များထံ အစီရင်ခံတင်ပြသည်။

      ယင်းနောက် ၂၀၂၄ ခုနှစ်၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံ ပြည်နယ်/ တိုင်းအဆင့် ခေါင်းဆောင်များ ဖိုရမ် အစီရင်ခံစာကို ယူနန်အစိုးရအဖွဲ့မှ တာဝန်ရှိသူက လည်းကောင်း၊ ဖွံ့ဖြိုးမှု မိတ်ဖက်များအစည်း အဝေးရလဒ်ကို ဂျီအမ်အက်စ်အတွင်း ရေးမှူးရုံးမှ တာဝန်ရှိသူကလည်းကောင်း တင်ပြကြပြီး ထိပ်သီးအစည်းအဝေးပူးတွဲ ကြေညာချက်နှင့် ဂျီအမ်အက်စ်ဆန်းသစ်တီထွင်မှု မဟာဗျူဟာ ၂၀၃၀ ကို အတည်ပြု ချမှတ်ပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

      မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင် ရွက်မှုအစီအစဉ် (Greater Mekong Subregion – GMS Economic Cooperation Program) ကို ၁၉၉၂ ခုနှစ်မှ  စတင်ခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ် ၃ ခုကျော် အောင်မြင်စွာရပ်တည်လျက်ရှိသည့် ဒေသ တွင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြစ်ကြောင်း၊ ဂျီအမ်အက်စ် အစီအစဉ်အရ ထိပ်သီးအစည်းအဝေးများကို မဟာမဲခေါင်ဒေသခွဲအစီအစဉ်၏ (၁၀)နှစ် ပြည့်မြောက် သည့် ၂၀၀၂ ခုနှစ်မှစတင်၍ (၃)နှစ်လျှင် တစ်ကြိမ် မဟာမဲခေါင်ဒေသခွဲ (၆) နိုင်ငံမှ အက္ခရာစဉ်အလိုက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနေနှင့် စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်၌ လက်ခံကျင်းပခဲ့ ကြောင်း၊ထိပ်သီးအစည်းအဝေးများတွင်အနာဂတ်ကာလဒေသခွဲဖွံ့ဖြိုးရေးနှင့် စပ်လျဉ်း သည့် မျှော်မှန်းချက်များ ပြည့်မီအောင်မြင်စေရေးဆိုင်ရာ ကတိကဝတ်များပြုကြပြီး နိုင်ငံ့ခေါင်းဆောင်များ၏ အရေးပါသော ပူးတွဲကြေညာချက်ကို ထုတ်ပြန်လေ့ရှိရာ ယနေ့ကျင်းပသည့် အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတွင် ဆန်းသစ်တီထွင်မှု မူဘောင်နှင့် ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်စာတမ်း တို့ကို အတည်ပြုချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။    

#PAN