မန်ယူအသင်းရဲ့ ချန်ပီယံလိဂ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့လို့ ဟာလန်းကို ချီးကျူးခဲ့တဲ့ နည်းပြ ဂွါဒီယိုလာ


(အားကစား) အောက်တိုဘာ ၂၆

မန်စီးတီးအသင်း နည်းပြ ဂွါဒီယိုလာ က ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စပါတာပရက်အသင်းကို ငါးဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီးနောက် အသင်းရဲ့မဟာပြိုင်ဘက် မန်ယူအသင်းရဲ့စံချိန်ကိုရိုက်ချိုးကာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း စံချိန်သစ်တင်နိုင်ခဲ့ခြင်းအတွက် တိုက်စစ်မှူး ဟာလန်း ကို ချီးကျူးပြောဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းက အဆိုပါပွဲတွင် အနိုင်ရရှိမှုကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ရှုံးပွဲမရှိ အရှည်ကြာဆုံးစံချိန်ကို ရယူထားနိုင်ခဲ့တဲ့ မန်ယူအသင်းရဲ့ ၂၅ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ရိုက်ချိုးကာ ၂၆ ပွဲဆက် ရှုံးပွဲမရှိ စံချိန်သစ်ကို မှတ်တမ်းရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ လှပတဲ့မြေမကျကန်ချက်နဲ့ သွင်းယူခဲ့တဲ့ဂိုးအပါအဝင် သွင်းဂိုးနှစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဟာလန်း ကို မယုံနိုင်အောင် ဖြစ်ရကြောင်း ဂွါဒီယိုလာ က ချီးကျူးပြောဆိုခဲ့ပါတယ်။

ဟာလန်း က အချိန်တိုင်းမှာ လုပ်ဆောင်ရမှာတွေကို နားလည်နေပြီး အသင်းအပေါ် အကျိုးသက်ရောက်မှုအပြည့်ရှိကြောင်းနဲ့ အသင်းမှာ မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ကစားသမားတွေကို ပိုင်ဆိုင်ခွင့်ရတာ အံ့ဩစရာဖြစ်ရတယ်လို့ ပြောခဲ့ပါတယ်။

ဟာလန်း ဟာ အဆိုပါပွဲမှာ သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့ခြင်းကြောင့် ချန်ပီယံလိဂ်သွင်းဂိုး အရေအတွက်မှာ ၄၄ ဂိုးအထိ ရှိလာခဲ့ပြီး ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာ ရဲ့ သွင်းဂိုးအရေအတွက်ကို လိုက်မီခဲ့တာလည်း ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN