လှိုင်မြို့နယ်၌ ရွှေထည်ပစ္စည်းအလေးချိန် ၅ ပိဿာ ၂၉ ကျပ်သားခန့်နှင့် ငွေကျပ်သိန်း ၅၀ အား လုယက်သူများမှာ KNU တပ်မဟာ(၇)ဝေ့ရှမ်း ကျေးရွာမှ အကြမ်းဖက်သင်တန်းဆင်းများ ဖြစ်နေ


(မှုခင်း) အောက်တိုဘာ ၂၄

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ ည ၆ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနှင့် ဆင်ရေတွင်းလမ်းထောင့်ရှိ “မြရွှေယုံ” ရွှေဆိုင်မှ ရွှေထည် ပစ္စည်းမျိုးစုံ ၅ ပိဿာ ၂၉ ကျပ်သားခန့်နှင့် ငွေကျပ် သိန်း ၅၀ တို့အား သံသေတ္တာ ၃ လုံးဖြင့် သိမ်းဆည်းကာ ယာဉ်မောင်းတစ်ဦးတည်း မောင်းနှင်သည့် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် သယ်ဆောင်စဉ် လှိုင်မြို့နယ်ရှိ ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်ရှေ့အရောက် မော်တော်ယာဉ်တစ်စီးဖြင့် အမျိုးသား ၄ ဦး ရောက်ရှိလာပြီး သေနတ်တစ်ချက် ပစ်ခတ်၍ ယာဉ်မောင်းအား ဝိုင်းဝန်းရိုက်နှက်ကာ ကားနောက်ဖုံးမှန်အား တူဖြင့်ထု၍ ရွှေထည်ပစ္စည်းနှင့် ငွေများထည့်ထားသည့် သေတ္တာ(၃)လုံးအား လုယူထွက်ပြေးသွားသဖြင့် ပိတောက်ချောင်းနယ်မြေရဲစခန်း (ပ)၉၃/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုရေးဖွင့် ဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပါရမီလမ်းနှင့် သုမင်္ဂလာလမ်းဆုံတွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ မြေနီကုန်းဈေးလမ်း၊ တိုက်အမှတ်(၄၁)၊ (၄)လွှာ၊ အခန်း(4A)နေ မသက်ထားခိုင်(ခ)ရည်မွန်အေး၊ အသက် ၃၇ နှစ်ကို မသင်္ကာသဖြင့်စစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းတွင် လုယက်မှုမှ ပါသွားသော ပလက်တီနမ်ရွှေဖြူဆွဲကြိုး ၈ ကုံးနှင့် ငွေ ၁၀ သိန်းကျပ်တို့အား တွေ့ရှိခဲ့ပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ ထက်အောင်ခိုင်မှ ရောင်းချခိုင်းလိုက်ကြောင်း သိရသဖြင့် တရားခံ ထက်အောင်ခိုင်၊ အသက် ၃၆ နှစ်၊ (ဘ)ဦးအေးချိုအား ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး၊ ထက်အောင်ခိုင်၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဒဿမ ၃၂ ဗို့ ခြောက်လုံးပြူး(၁)လက်၊ S&WL ကျည်(၉)တောင့်၊ ၎င်းကျည်ခွံ(၁)ခု၊ ငွေစက္ကူရောရာ ၁၈ သိန်းကျပ်၊ လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေထည်ပစ္စည်းမျိုးစုံ(စိစစ်ဆဲ)တို့အား ဆက်လက်သိမ်း ဆည်း ရမိခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးပေါ်ပေါက်ချက်အရ လုယက်မှုကျူးလွန်ရာတွင် ပါဝင်သူများဖြစ်ကြသည့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ပေါက်စုကျေးရွာနေ တရားခံ ကျော်ကြီး(ခ)ကျော်ဇင်ဟိန်း၊ အသက် ၂၂ နှစ်၊ (ဘ)ဦးထွန်းထွန်း နှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ အမှတ်(၈)ရပ်ကွက်နေ တရားခံ စောပိုင်ဇော်ဦး(ခ)ပိုင်ကြီး၊ အသက် ၃၅ နှစ်၊ (ဘ)ဦးစံသောင်း တို့အား အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံ ၃ ဦးတို့၏ ထွက်ဆိုချက်များအရ တရားခံ ထက်အောင်ခိုင်၊ ကျော်ဇင်ဟိန်း (ခ)ကျော်ကြီးနှင့် တရားခံဝေကြီး (ဖမ်းဆီးရန်ကျန်)တို့(၃)ဦးသည် KNU တပ်မဟာ(၇)ဝေ့ရှမ်း ကျေးရွာတွင် ဖွင့်လှစ်သော PDF အကြမ်းဖက်သင်တန်းအပတ်စဉ်(၅/၂၀၂၄)သင်တန်းဆင်းများဖြစ်ကြပြီး အဆိုပါ သင်တန်းတက်ရောက်နေစဉ် ထက်အောင်ခိုင်သည် သင်တန်း၌ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူ ဦးမာမူ (စိစစ်ဆဲ)ထံမှ ဒဿမ ၃၂ ဗို့ခြောက်လုံးပြူးနှင့် ကျည်များအား ငွေကျပ် (၂၁)သိန်းဖြင့် ဝယ်ယူခဲ့ပြီး “မြရွှေယုံ”ရွှေဆိုင်သို့ (၃/၄)ကြိမ်ခန့် လေ့လာကာ ဆိုင်ဖွင့်ချိန်နှင့် ဆိုင်သိမ်းချိန်များတွင် ယာဉ်မောင်းတစ်ဦးတည်း ဆိုင်မှရွှေထည်ပစ္စည်းများအား သယ်ယူပို့ဆောင်လေ့ ရှိကြောင်း သိရှိရသဖြင့် လုယက်မှုကျူးလွန်ရန် ကြိုတင်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုယက်မှုကျူးလွန်ရာတွင် တရားခံ ထက်အောင်ခိုင်မှ Toyota Corolla အဖြူရောင်ယာဉ်အား မောင်းနှင်၍ အခင်းဖြစ်ခြံရှေ့တွင် ရွှေထည်ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်အား အနောက်မှ ကပ်လျက် ရပ်တန့်ကာ ယာဉ်မောင်းဖြစ်သူအား သေနတ်ဖြင့်ချိန်၍ တံခါးဖွင့်ခိုင်းခြင်း၊ တရားခံ ဝေကြီး(ဖမ်းဆီးရန်ကျန်)မှ ကားတံခါးအား တူဖြင့်ထုခြင်း၊ တရားခံထက်အောင်ခိုင်မှခြံ၏ အရပ်သား လုံခြုံရေးဝန်ထမ်း ဖြစ်သူအား သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ခြံဝင်းသံပန်းတံခါးအား ထိမှန်ခဲ့ပြီး ကျော်ဇင်ဟိန်း (ခ)ကျော်ကြီးနှင့် စောပိုင်ဇော်ဦး(ခ)ပိုင်ကြီးတို့(၂)ဦးမှ မော်တော်ယာဉ်၏ နောက်ဖုံးတံခါးအားဖွင့်၍ ရွှေထည်ပစ္စည်းများထည့်ထားသည့် သံသေတ္တာ(၃)လုံးအား ၎င်းတို့စီးနင်းလာသည့် ကားပေါ်သို့ တင်ဆောင်ကာ မောင်းနှင်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ရွှေထည်ပစ္စည်းနှင့် ငွေများ လုယက်မှုမှ ဖမ်းဆီးရမိသည့် တရားခံ ထက်အောင်ခိုင်၊ ကျော်ဇင်ဟိန်း(ခ)ကျော်ကြီး၊ စောပိုင်ဇော်ဦး(ခ)ပိုင်ကြီး နှင့် ထွက်ပြေးတိမ်းရှောင် တရားခံ ဝေကြီး (စိစစ်ဆဲ)အား ဥပဒေနှင့်အညီ ထိရောက်သော ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေး တိမ်းရှောင်နေသော တရားခံ ဝေကြီး အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

Webpage>>…
https://positiveanglenews.com/2024/10/24/ကသက်ကျေးရွာတွင်-ပြည်ခို/

VK Link>>…
https://vk.com/wall-220066330_8859

Telegram»…
https://t.me/positiveanglenews

PAN