ချမ်းအေးသာစံမြို့နယ်၊ “ကိုလေး”ကားပစ္စည်းဆိုင် လုယက်ခံရ


(မှုခင်း) စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ ၂၈ လမ်း၊ ၈၁×၈၂ လမ်းကြားရှိ “ကိုလေး”ကားပစ္စည်းဆိုင် လုယက်ခံရကြောင်း သိရသည်။

ယနေ့မွန်းတည့်ချိန်က ဦးကိုလေး၊ အသက် ၅၆ နှစ်၊(ဘ)ဦးစောလွင်၊ ပိုင်ဆိုင်သော ကားပစ္စည်းဆိုင်သို့ ပုဆိုး/လည်ကတုံးရှပ်လက်ရှည် ဝတ်ဆင်ကာ မျက်နှာတွင် MASK တပ်ထားသည့် အမျိုးသား ၃ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့်ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ အမျိုးသား ၂ ဦးမှ ဝင်ရောက်ကာ “ကိုလေး”ကားပစ္စည်းဆိုင်မှ မုန့်ဟင်းခါးပို့ခိုင်ကြောင်းပြောဆို၍ ဆိုင်အတွင်းဝင်ရောက်လာခဲ့ရာ ဆိုင်ပိုင်ရှင် ဦးကိုလေးမှ မုန့်ဟင်းခါးဂျိုင့်အား လဲလှယ်ပေးပြီးနောက် အမျိုးသား ၁ ဦးမှ ဓားရှည်ထုတ်ကာ ဆိုင်အတွင်းရှိ ဆိုင်ပိုင်ရှင်မိသားစု၏ ပါးစပ်အား တိတ်အဝါရောင်ဖြင့်ပတ်၍ ဒေါ်မိုးမိုး၊ အသက် ၅၈ နှစ်၊(ဘ)ဦးခင်မောင်ညွန့်၏ ရွှေဆွဲကြိုး ၁ ကျပ်သား ၁ ကုံးနှင့် မဆုပြည့်မိုး၊ အသက် ၂၈ နှစ်၊ (ဘ)ဦးကိုလေး၏ ရွှေလက်ကောက် ၃ ကျပ်သား ၁ ကွင်း၊ ငွေ ၃ သိန်းကျပ်တို့အား လုယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ဒေါ်မိုးမိုး၌ ဝဲ-လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူ ဒေါ်မိုးမိုးအား မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း သိရသည်။

အဆိုပါအခင်း​ဖြစ်ပွားရာ “ကိုလေး” ကားပစ္စည်းဆိုင်တွင် ပိုင်ရှင် ဦးကိုလေးပါ အမျိုးသား ၃ ဦးရှိကြောင်း၊ ဆိုင်အား နံနက် ၈ နာရီမှညနေ ၅ နာရီခွဲအချိန်ထိ ဖွင့်လှစ်လျက်ရှိကြောင်း၊ ဖြစ်စဥ်ဖြစ်ပွားချိန်တွင် လပြည့်နေ့ဖြစ်၍ ဆိုင်ပိတ်ထားကြောင်း၊ ဖြစ်စဥ်မှတရားခံများ ဖမ်းဆီးရမိရေး သက်ဆိုင်ရာမှ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN