ဖ‌လော်ရီယန်ဗက်ဇ် ကို ခေါ်ယူနိုင်ရန် ကြိုးပမ်းလာတဲ့ ဘိုင်ယန်မြူးနစ်အသင်း

(အားကစား) အောက်တိုဘာ ၁၃

လေဗာကူဆင်အသင်းရဲ့ ဂျာမနီလူငယ်ကြယ်ပွင့် တောင်ပံကစားသမား ဖလော်ရီယန်ဗက်ဇ် ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်အသင်းလည်း ပါဝင်‌နေခဲ့ပြီး ဂျာမနီဘောလုံးလောကရဲ့ လူငယ်ကြယ်ပွင့်နှစ်ဦး ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းမှ တိုက်စစ်ကစားသမားဖြစ်သူ မူစီယာလာ နဲ့ ဖလော်ရီယန်ဗက်ဇ် တို့ကို တွဲဖက်ကစားစေလိုကြောင်း ဘိုင်ယန်မြူးနစ်အသင်းဘက်က ထုတ်ဖော်ခဲ့တာလည်းဖြစ်ပါတယ်။

ဖလော်ရီယန်ဗက်ဇ် ဟာ လေဗာကူဆင်အသင်းမှာ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ပြီး ဘိုင်ယန်မြူးနစ် အသင်းအပြင် အခြားဥရောပ ထိပ်တန်းအသင်းကြီးများရဲ့ စိတ်ဝင်စားခြင်းကို ခံနေရသူလည်းဖြစ်ပါတယ်။

ဂျာမနီ ဘောလုံးပရိသတ်တွေက ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ယခင်က ဒေါ့မွန်အသင်းနဲ့ လိုက်ပ်ဇစ်အသင်းတို့မှ ကစား သမားကောင်းများကို ပစ်မှတ်ထားခဲ့ဖူးသလို ယခုအခါမှာလည်း လေဗာကူဆင်အသင်းကို ပစ်မှတ်ထားလာခဲ့ပြီလို့ ဝေဖန်မှုများရှိလာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဖလော်ရီယန်ဗက်ဇ် ဟာ လေဗာကူဆင်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပြီး လေဗာကူဆင်အသင်းက ၎င်းအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၅၀ အလိုရှိနေတာဖြစ်ပါတယ်။

#PAN