အလှကုန် ၄ မျိုးအား သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်


(ပြည်တွင်း) အောက်တိုဘာ ၁၂

ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်းတွေ ပါဝင်နေတဲ့အပြင် မှတ်ပုံတင် ထားခြင်းလည်းမရှိတဲ့ ဈေးကွက်အတွင်းမှာ ဖြန့်ချိရောင်းချလျက်ရှိတဲ့အလှကုန်ပစ္စည်း ၄ မျိုးကို ပြည်သူတွေသုံးစွဲဖို့ မသင့်တော်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အောက်တိုဘာလ ၁၁ ရက်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အဆိုပါ အလှကုန်တွေကတ တရုတ်နိုင်ငံကထုတ်လုပ်တဲ့ အလှကုန်ပစ္စည်းတွေဖြစ်ပြီး သုံးစွဲဖို့ မသင့်တော်တဲ့ Mercury နဲ့ Rhodamine B စတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

တားမြစ်ဓာတုပစ္စည်းတွေဟာ အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်တွေဖြစ်ခြင်း၊ အရေပြားကတစ်ဆင့် ခန္ဓာကိုယ်အတွင်းကို စုပ်ယူပြီး ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ခေါင်းကိုက်ခြင်းနဲ့ စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲရင် ကျောက်ကပ်ပျက်စီးခြင်းနဲ့ အခြားရောဂါများပါ ဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီနဲ့ လက်လီလက်ကားဆိုင်တွေအနေနဲ့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်ပုံတင်ထားတာမရှိတဲ့ ပြည်သူတွေသုံးစွဲဖို့မသင့်ကြောင်းထုတ်ပြန်ထားတဲ့ အလှကုန်ပစ္စည်းတွေကို တင်သွင်းဖြန့်ဖြူးရောင်းချခြင်း လုံးဝမပြုလုပ်ရန်နဲ့ လိုက်နာဆောင်ရွက်မှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားရှိပါတယ်၊၊

Telegram»…
https://t.me/positiveanglenews

PAN