(၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး (18th ASEAN Navy Chief’s Meeting) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်


(ပြည်တွင်း) အောက်တိုဘာ ၁၁

မြန်မာနိုင်ငံမှ ဒုတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး (18th ASEAN Navy Chief’s Meeting)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery Hotel ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ဘရူနိုင်းနိုင်ငံ ယာယီရေတပ်ဦးစီးချုပ် Captain Haji Mohamad Sarif Pudin Bin Matserudin ၊ ကမ္ဘောဒီးယား ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Sam Sokha လာအိုပြည်သူ့တပ်မတော်စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Major General Vanthong Bouttavong ၊ ဗီယက်နမ်ပြည်သူ့ရေတပ် ဒုတိယရေတပ်ဦးစီးချုပ် Rear Admiral Pham Nhu Xuan ၊ ထိုင်းဘုရင့်တပ်မတော် ရေတပ်ထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးချုပ် Vice Admiral Puchong Pradittheera ၊ တော်ဝင်မလေးရှားရေတပ် နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး Captain Mohd Irwan bin Che Mohd Rani RMN ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားစစ်သံမှူး Captain (Navy) Taufiq Darlem, S.T ၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်စစ်သံမှူး Colonel Jose P Navarro JR PA(MNSA) နှင့် တာဝန်ရှိသူများ တက်ရောက်ကြခဲ့ကြောင်း သိရသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲဝင်၊ ညှိနှိင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံအဖွဲဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အာဆီယံ နိုင်ငံများနှင့်သာမက အိမ်နီးချင်းနိုင်ငံများနှင့်လည်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ကျင်းပသည့် (၁၈) ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များအစည်းအဝေး၏ ရွေးချယ်ထားသည့်ခေါင်းစဉ်မှာ “ငြိမ်းချမ်းကြွယ်ဝ သောဒေသဆီသို တက်ညီလက်ညီလှော်ခတ်ခြင်း” ဖြစ်ပြီး မိမိတို၏ တူညီသော ရည်မှန်းချက်အမြင်နှင့် စုပေါင်းစိတ်ဓာတ်ကို အကောင်အထည်ဖော်ရန်ဖြစ်သဖြင့် လက်ရှိအခြေအနေများနှင့် အလွန်လိုက်ဖက်ကြောင်း၊ အာဆီယံဒေသ ရေပြင်သည် အာဆီယံနိုင်ငံများအတွင်း မှီတင်းနေထိုင်သည့် နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ စီးပွားရေးဖွံဖြိုးတိုးတက်စေသည့်ရပ်ဝန်းဖြစ်သည့်အတွက် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် သာယာဝပြောရေးတိုကို ဦးစားပေးဆောင်ရွက်ပြီး အာဆီယံရေပြင်များအတွင်း အခြားပြင်ပ စွက်ဖက်မှုများမရှိစေရေး ပိုမိုသတိထားဆောင်ရွက်သင့်ကြောင်း၊ မိမိတိုအာဆီယံပင်လယ်ပြင်တွင် ဒေသတွင်းရေကြောင်း ဘေးကင်းလုံခြုံမှုနှင့် တည်ငြိမ်ရေးတို့အတွက် အာဆီယံရေတပ်များ အကြား အတူတကွလက်တွဲပြီး ကျော်ဖြတ်သွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထိုနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက (၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး (18th ASEAN Navy Chief’s Meeting) ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ညှိနှိင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)သည် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံရေတပ်အကြီးအကဲများ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြသည်။

ထိုနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ညှိနှိင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ထံသို့ အာဆီယံရေတပ်အကြီးအကဲများ၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (ရေ) မှ 18th ASEAN Navy Chief’s Meeting အထိမ်းအမှတ် အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ ကြကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN