ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဖောက်ခွဲဖျက်ဆီးရန် လာရောက်သည့် အကြမ်းဖက်သမား တစ်ဦးအား ပစ်ခတ်ဖမ်းဆီး


(ပြည်တွင်း) အောက်တိုဘာလ ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ပုဂံသွားကားလမ်းပေါ်၌ အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန် လက်လုပ်မိုင်းများ သယ်ဆောင်လာသည့် အကြမ်းဖက်သမား တစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်မှုမရှိစေရေး၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှု မရှိစေရေးနှင့် အများပြည်သူလုံခြုံရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် ယမန်နံနက် ၆ နာရီခန့်တွင် ပုဂံမြို့တွင်းသို့ ညောင်ဦးမြို့ဘက်မှ အမျိုးသားတစ်ဦးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား လိုအပ်သည်များစစ်ဆေးနိုင်ရန်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက တားဆီးစဉ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ်တားဆီးခဲ့ရာ ဆိုင်ကယ်တိမ်းမှောက်ရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါဆိုင်ကယ်အား သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်ကယ်ခွကြားတွင် ညှပ်၍သယ်ဆောင်လာသည့် ကွန်ကျူးပိုက်ဖြင့် ပြုလုပ် ထားသောလက်လုပ်မိုင်း ၂ လုံး သိမ်းဆည်းရမိကာ ဆိုင်ကယ်မောင်းနှင်သူ အကြမ်းဖက်သမားသည် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း တွေ့ရှိရပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း အကြမ်းဖက် လုပ်ရပ်များမကျူးလွန်နိုင်ရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN