အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်


(ပြည်တွင်း) အောက်တိုဘာ ၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီးဦးအေးကျော်၊ တာဝန်ရှိသူများနှင့်အတူ ‌အာက်တိုဘာ ၆ ရက်နေ့နံနက်ပိုင်းက အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသွားရာလမ်းတစ်လျှောက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်နံရံများမှ မြေသားများလမ်းပေါ်သို့ ပြိုကျခဲ့မှုအား စက်ယန္တရားကြီးများအသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှု၊ ရေတိုက်စားမှုကြောင့်ပျက်စီးခဲ့သည့်လမ်းများအား ပြုပြင်ဆောင်ရွက်နေမှု၊ ယာယီသွားလာနိုင် ရေး ဆောင်ရွက်ထားမှုနှင့် ဓာတ်အားပေးစက်ရုံသို့သွားရောက်သည့် ချဉ်းကပ်လမ်း ရေတိုက်စားပျက်စီးခဲ့မှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက စက်ရုံသို့သွားရာလမ်းကြောင်း ပြန်လည်ဖောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားရန်နှင့် လမ်း၏အထက်ဘက်ရှိ ဓာတ်အားပေးစက်ရုံ Switch Yard နှင့် အဆောက်အအုံများ ထိခိုက်မှုမရှိစေရေး ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့်ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး ရေလှောင်တမံရှုရပ်သို့ရောက်ရှိကာ တမံအတွင်း ရေဝင်ရောက်မှု၊ ရေပိုလွှဲမှ ရေလျှံကျနေမှုနှင့် တမံကြံခိုင်မှုအခြေအနေကို ကြည့်ရှုခဲ့သည်။

ယင်းနောက် ဓာတ်အားပေးစက်ရုံအတွင်း ရေဝင်ရောက်ခဲ့မှုအခြေအနေကို လှည့်လည်ကြည့်ရှုပြီး ဓာတ်အားပေးစက်များ ပျက်စီးမှုအခြေအနေကို အမြန်ဆုံး စစ်ဆေးပြီး လိုအပ်သည်များ ပြုပြင်ဆောင်ရွက်နိုင်ရန် ကျွမ်းကျင်ဝန်ထမ်းများစုစည်း၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်နှင့် လိုအပ်ပါက ပြည်ပမှကျွမ်းကျင် သူများ ငှားရမ်းဆောင်ရွက်သွားရန်မှာကြားကာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် ပျဉ်းမနားမြို့၏ အရှေ့ဘက် ၂၆ မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်ထားပြီး တပ်ဆင်အင်အားအနေဖြင့် ၇၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်နှစ်လုံးဖြင့် စုစုပေါင်း ၁၄၀ မဂ္ဂါဝပ်ကို ၂၃၀ ကေဗွီ အထက်ပေါင်းလောင်း-နန်ချို ဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အား ကွန်ရက်စနစ်အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၄ ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေးလျက်ရှိရာ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း၍ တမံအတွင်း ရေဝင်ရောက်မှုများပြားပြီး ရေပိုလွှဲမှ ပေ ၂၀ ကျော် ရေလျှံကျမှုကြောင့် ဓာတ်အားပေးစက်ရုံအတွင်း ရေများဝင်ရောက်ခဲ့ သည့်အတွက် ဓာတ်အားပေးစက်များ ရေနစ်မြုပ်ပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှုများ ရပ်နားခဲ့ရပြီးဓာတ်အား အမြန်ဆုံးပြန်လည် ထုတ်လုပ် ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းတို့မှ အင်ဂျင်နီယာများ ပူးပေါင်း ၍ ကျွမ်းကျင်ဝန်ထမ်းများဖြင့် အဖွဲ့များခွဲကာ စစ်ဆေးခြင်းနှင့် ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။  

Telegram»…
https://t.me/positiveanglenews

PAN