မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပန်းလောင်မြစ်ကြောင်းတစ်လျှောက်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်၊ ဒေသခံပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေး


(ပြည်တွင်း) အောက်တိုဘာလ ၄

မြန်မာနိုင်ငံအနောက်ဘက်မှ ရွှေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန် ကြောင့်လည်းကောင်း၊ အပူပျံတတ်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွှေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့်လည်းကောင်း၊ စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းမှစ၍ နေပြည် တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခြင်းနှင့် အချို့သောဒေသများတွင် ဒေသအလိုက် နေရာကွက်ကြား မိုးကြီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် ပန်းလောင်မြစ်အထက်ပိုင်း ဒေသများတွင် မိုးအဆက်မပြတ်ရွာသွန်း ခဲ့မှုများဖြစ်ပေါ်ခဲ့ရာ ပန်းလောင်မြစ် အထက်ပိုင်းရှိ တောင်ကျချောင်းရေများ စီးဆင်းမှု ကြောင့် အောက်တိုဘာလ ၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် အတွင်းရှိ ပန်းလောင်မြစ်၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ မြစ်ဘေးတစ်လျှောက် ကျေးရွာများဖြစ်သည့် ရွာခိုင်ကြီးကျေးရွာ၊ အိမ်ရှေ့တောင်ကျေးရွာ၊ ကဆွန်ကျေးရွာ၊ မြစ်ဆုံကြီးကျေးရွာ၊ ရွှေပေါ်ကျွန်းကျေးရွာတို့တွင် မြစ်ရေ ၄ ပေခန့်၊ မြစ်သားမြို့၊ ကျွန်းတောရပ်ကွက်၊ မြို့မ(အရှေ့/အနောက်)နှင့် ဘူတာရပ်ကွက်၊ မြစ်သားမြို့နယ်၊ ကျွန်းလှကျေးရွာ၊ မရှက်ကျေးရွာ၊ နွားကူးလေး ကျေးရွာ၊ လောင်းတော်ဦးကျေးရွာ၊ ရွာမုန်းကြီးကျေးရွာ၊ ယွေးကျေးရွာနှင့် လက်ပံဆိပ်ကျေးရွာ၊ အုန်းကုန်း ကျေးရွာတို့တွင် မြစ်ရေ ၅ ပေခန့်၊ မြစ်သားမြို့၊ မင်းကုန်း ရပ်ကွက်၊ ရှမ်းပွဲရပ်ကွက်၊ ရွှေသူဌေး ရပ်ကွက်နှင့် အုပ်ရှစ်ကုန်းရပ်ကွက်များတွင် မြစ်ရေ ၃ ပေခန့် အသီးသီး ရေဝင်ရောက် နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ‌ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာ ၁၅ ရွာတို့မှ အိမ်ခြေ ၄၈၇၂ ခု၊ အိမ်ထောင်စု ၅၂၂၆ စု၊ လူဦးရေ ၁၉၈၄၅ ဦး ရေဘေးသင့်ခဲ့သဖြင့် အဆိုပါရေဘေးသင့်ပြည်သူများအနက် အိမ်ခြေ ၁၁၈၀ ခု၊ အိမ်ထောင်စု ၁၁၉၀ စု၊ လူဦးရေ ၄၁၅၇ ဦးတို့အား ယာယီရေဘေး ကယ်ဆယ် ရေးစခန်း ၂၇ ခုဖွင့်လှစ်ပြီး နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပရဟိတ အသင်းအဖွဲ့များက လိုအပ်သည့် ကူညီရွှေ့ပြောင်းမှုများ ဆောင်ရွက်ပေးကာ ရေဘေးသင့်ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ် ၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း သွားရောက်၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အဆိုပါ မြစ်သားမြို့နယ်အတွင်း ရေကြီးရေလျှံမှု မဖြစ်ပေါ်မီ သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပေးတိုက်တွန်းနှိုးဆော်ခြင်းများ၊ ကူညီရွှေ့ပြောင်းပေးခြင်း များကို အချိန်မီဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ရေဘေးကြောင့် ဒေသခံပြည်သူများ ထိခိုက် သေဆုံးဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

လက်ရှိဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများအရ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြ သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူ များအနေဖြင့် ရေကြီး၊ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်း ရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြု နိုင်ပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးနှိုး ဆော်ထားပြီး ပြည်သူများအနေဖြင့် မိုးလေဝသ သတင်းများကို စဉ်ဆက်မပြတ် လေ့လာဖတ်ရှု၍ သတိပြုနေထိုင်ကြပါရန် အသိပေးအပ်ပါသည်။

Telegram»…
https://t.me/positiveanglenews

PAN