“အစ္စရေးက ဟစ်ဇဘိုလာခေါင်းဆောင်ကို ချေမှုန်းလိုက်နိုင်ကြောင်း ထုတ်ပြန်”

(နိုင်ငံတကာ)စက်တင်ဘာ ၂၉

အစ္စရေးက ဟစ်ဇဘိုလာတပ်ဖွဲ့ခေါင်းဆောင် ဆေယတ်ဟက်ဆန်နာဆရယ်လာ ကို ချေမှုန်း လိုက်နိုင်ကြောင်း အစ္စရေးနှင့် ဟစ်ဇဘိုလာတပ်ဖွဲ့တို့က စက်တင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
အစ္စရေးတပ်ဖွဲ့သည် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးတစ်နေရာရှိ ဟစ်ဇဘိုလာတို့၏ ဌာနချုပ်ကို လေကြောင်းမှ တိုက်ခိုက်မှုလုပ်ဆောင်စဉ် မြေအောက်စခန်းရှိ ဟစ်ဇဘိုလာခေါင်းဆောင်ကို ချေမှုန်း လိုက်နိုင်ခြင်းဖြစ်သည်။
ထို့ပြင် အစ္စရေးသည် ဟစ်ဇဘိုလာတို့၏ ခေါင်းဆောင်ပိုင်းအားလုံးနီးပါးကို ရှင်းလင်းလိုက်နိုင်ပြီ ဖြစ်ကြောင်း သီးခြားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အစ္စရေး၏ လက်ဘနွန်နိုင်ငံကို တိုက်ခိုက်မှုနှင့် ပတ်သက်၍ နိုင်ငံအများအပြားက အပြစ်တင်ဝေဖန်ထားသည်။ တစ်ချိန်တည်းမှာပင် အစ္စရေးအနေဖြင့် ၎င်းတို့၏ လုပ်ရပ်အတွက် နောင်တကြီးစွာ ရစေမည်ဖြစ်ကြောင်း အီရန်ထိပ်တန်းခေါင်းဆောင်က ပြောထားသည်။
ယခုကဲ့သို့သော အခြေအနေများကြောင့် ဒေသတွင်းတင်းမာမှုများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်ဟုသိရသည်။

#PAN