ကမ္ဘာကြီးက ယမ်းအိုးကြီးဖြစ်လာရန် နီးလာပြီဟု ကုလသမဂ္ဂအကြီးအကဲပြော


(နိုင်ငံတကာ) စက်တင်ဘာ ၂၆

လက်ရှိဖြစ်နေသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် ကမ္ဘာကြီးသည် ယမ်းအိုးကြီးဖြစ်လာရန် နီးလာနေပြီဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်က အထွေထွေညီလာခံမိန့်ခွန်းတွင်ထည့်သွင်းပြောကြား ခဲ့သည်။

ထို့ပြင် ကမ္ဘာနိုင်ငံများအနေဖြင့် မကြုံစဖူးကြုံဆုံနေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် အဖြေများကို ရှာဖွေရမည်ဖြစ်ကြောင်း အတွင်းရေးမှူးချုပ် က စက်တင်ဘာလ ၂၄ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ပြောကြား ခဲ့သည်။

ကမ္ဘာပေါ်တွင် ပိုမိုနက်ရှိင်းသည့် ပထဝီနိုင်ငံရေးအရ ကွဲလွဲမှုများ၊ ကမ္ဘာ့အပူချိန်မြင့်တက်မှုများ၊ ပြီးဆုံးတော့မည်အရိပ်အယောင် မရှိသောစစ်ပွဲများ၊ လက်နက်အသစ် အဆန်းများ၏ အန္တရာယ်များသည် ကမ္ဘာကြီးအပေါ် အရိပ်မည်းအဖြစ် စိုးမိုးနေကြောင်း ၎င်းက ထောက်ပြသည်။

လက်ရှိကမ္ဘာ့အခြေအနေသည် ဆက်လက်ထိန်းထားနိုင်ခြင်း မရှိနိုင်တော့မည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်ကြောင်း၊ သို့သော် ထိုစိန်ခေါ်မှုများအားလုံးကို ဖြေရှင်းနိုင်ဆဲဖြစ်ကြောင်း၊ ထိုအတွက် ကမ္ဘာ့နိုင်ငံများက ပြဿနာများကို အမှန်တကယ်ဖြေရှင်းနိုင်မည့်နည်းလမ်းများ ရှာဖွေဖော်ထုတ်ရမည်ဖြစ်ကြောင်း အန်တိုနီယိုဂူတားရက် က အလေးပေးပြောသည်။

ထိုအတူ ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် မဖြစ်မနေကိုင်တွယ်ရမည့် အရာများမှာ အပြစ်ကျူးလွန်ပြီး အပြစ်ပေးမခံရမှု၊ မမျှတမှုနှင့် မသေချာမရေရာမှုတို့ပင် ဖြစ်ကြောင်း၊ ထိုအချက် သုံးချက်သည် တစ်ခုနှင့်ဆက်စပ်နေကာ လက်ရှိတွင် ပြိုလဲနေပြီဖြစ်ကြောင်းနှင့် နိုင်ငံများအနေဖြင့် လက်ချင်းတွဲ၍ ကမ္ဘာကို ထိန်းကျောင်း ရန် လိုအပ်ကြောင်း ၎င်းက ပြောထားသည်ဟု RT သတင်းဌာန ဖော်ပြချက်အရသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN