ရေဘေးသင့်ပြည်သူများအတွက် စင်ကာပူနိုင်ငံမှလှူဒါန်းသည့် ပစ္စည်းများရောက်ရှိ


(နိုင်ငံတကာ) စက်တင်ဘာ ၂၆

စင်ကာပူပြည်သူတွေက မြန်မာနိုင်ငံမှ ရေဘေးသင့်ပြည်သူများထံသို့ လှူဒါန်းသော အစားအစာနဲ့ လူသုံးကုန် ပစ္စည်းများဟာ စက်တင်ဘာလ ၂၃ ရက်နဲ့ ၂၄ ရက်တို့မှာ ရန်ကုန်မြို့ကို စတင်ရောက်ရှိကြောင်း စင်ကာပူမြို့ရှိ မြန်မာ သံရုံးက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရေဘေးသင့်ဒေသများရှိ ပြည်သူများထံသို့ စင်ကာပူနိုင်ငံရှိ လူမှုကူညီရေးအသင်းများက လူသားချင်းစာနာထောက်ထားမှု အကူအညီများအဖြစ် အာဟာရဖြည့် ဆန်အိတ် ၁၀ တန်၊ အဝတ်အထည်များ၊ ဦးထုပ်၊ ဖိနပ်များနဲ့ ဆပ်ပြာ စတဲ့ လူသုံးကုန်ပစ္စည်းတွေကို စင်ကာပူမြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လှူဒါန်းပစ္စည်းများကို စက်တင်ဘာလ ၂၃ ရက်ကနေ ၂၇ ရက်အတွင်း စင်ကာပူမြို့မှ ရန်ကုန်မြို့သို့ ပျံသန်းပြေးဆွဲနေတဲ့ MNA နဲ့ MAI လေကြောင်းလိုင်းတွေက အခမဲ့သယ်ယူပို့ဆောင် ပေးမှာဖြစ်ပြီး စက်တင်ဘာလ ၂၃ ရက်နဲ့ ၂၄ ရက်တို့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပစ္စည်းပမာဏ နှစ်တန်ကျော် စတင်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံရှိပြည်သူများက သက်ဆိုင်ရာပရဟိတအဖွဲ့အစည်းများမှတစ်ဆင့် ပေးပိုလှူဒါန်းတဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံ တစ်ဝန်းရှိ ရေဘေးသင့်ဒေသများမှ ပြည်သူတွေထံသို့ ဆက်လက်ဖြန့်ဝေပေးပို့သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN