၈ လက်မကျော်သည့်မိုးရေချိန်ကြောင့် ပုဂံမှ ​ရှေ့ဟောင်းသာဓနိကအဆောက်အဦးများ ပြိုကျပျက်ဆီး

(ပြည်တွင်း) စက်တင်ဘာ ၁၂

မုန်းတိုင်းရာဂိ၏​အရှိန်ကြောင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်မှ စက်တင်ဘာ ၁၂ ရက်နေ့ အချိန်ထိ ညောင်ဦးမြို့နယ်အတွင်း မိုးရေချိန် ၈.၅၀ လက်မအထိ မိုးရွာသွန်းခဲ့သဖြင့် ရှေ့ဟောင်းသာဓနိကအဆောက်အဦးအချို့ပြိုကျပျက်ဆီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့၊ တောင်ဘီကျေးရွာရှိ သဗ္ဗညုဘုရားမြောက်ဘက်တံတိုင်းမုခ် အနောက်ဘက်ခြမ်းရှိ ၈×၁.၆×၈ပေခန့်ရှိ အုတ်များပဲ့ကျခြင်း၊ ညောင်ဦးမြို့၊အမှတ်(၃)ရပ် ကွက်ရှိ ငှက်ပစ်တောင်အစုဘုရားရင်ပြင်အုတ်ခုံ ၂၀×၄.၆×၆ပေခန့် ပဲ့ကျခြင်း၊ ညောင်ဦးမြို့၊ အမှတ်(၃)ရပ် ကွက်ရှိ ဘုရားအမှတ်(၁၆၇)၊ဓမ္မစေတီ၏ ပစ္စယံအောက်ပိုင်း ၁၀.၅×၁.၆×၉.၅ပေခန့် ပဲ့ကျခြင်း၊ ညောင်ဦးမြို့၊ပုဂံမြို့သစ်၊ ကျန်စစ်သားရပ်ကွက်ရှိ ဘုရားအမှတ် (၁၀၄၂)၊ဆင်ကအုတ်တိုက်၏ ၃၀×၄.၆×၁၄ပေပတ်လည် နံရံ ၂ဖက်၊၃၀×၄.၆×၂၅ ပေပတ်လည်ပေါင်းကူးအမိုးပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

ထို့အတူ ညောင်ဦးမြို့၊မင်းနန်သူကျေးရွာရှိ ဆင်ဖြူရှင်ရေကန်၏ ၂၁×၆×၇ ပေပတ်လည် မြောက်ဘက်ခြမ်း ရေကန်နံရံ ပဲ့ကျခြင်း၊ညောင်ဦးမြို့၊မင်းနန်သူကျေး ရွာ၊ဘုရားအမှတ်(၇၁၁)၊လက်ပွတ်ကန်၏ ဘုရားရင်ပြင်ခုံအရှေ့ဘက်ခြမ်း ၁၂×၂.၆×၆ပေခန့် အုတ်များပဲ့ကျခြင်း၊တံတိုင်းအတွင်းဘက် မြောက်ဘက်ခြမ်း ၁၂×၁×၃ ပေခန့် ပဲ့ကျခြင်း၊အရှေ့ဘက်အတွင်းတံတိုင်း ၈×၆×၃ ပေခန့်အုတ်များ ပဲ့ကျခြင်း၊ ညောင်ဦးမြို့၊ဘုရားအမှတ် (၃၄၅)၏ အနောက်တောင်ဘက် ၁၅×၂.၉×၄.၃ ပေခန့်၊အနောက်ဘက် ၆×၁×၃ ပေခန့် အောက်ခြေခုံပဲ့ကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရှေးဟောင်းအဆောက်အဦးများ ပျက်ဆီးမှုရှိ/မရှိ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ခြင်းပြုလုပ်ခဲ့သည့်အတွက် ယခုကဲ့သို့အပျက်အဆီးများအားတွေ့ရှိခဲ့ရကြောင်း သိရသည်။

#PAN