ယာဂီကြောင့် ဗီယက်နမ်၌ လူ ၁၈ ဦးသေဆုံးပြီး များစွာပျောက်ဆုံးနေ


(နိုင်ငံတကာ) စက်တင်ဘာ ၉

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွင် တိုက်ခတ်သွားသော တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး ၁၈၆ ဦး ဒဏ်ရာရရှိကြောင်းနှင့် ပင်လယ်ပြင် အတွင်း လူများစွာပျောက်ဆုံးနေဆဲဖြစ်ကြောင်း စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသ ဖွံဖြိုးရေးဝန်ကြီးဌာနက စက်တင်ဘာလ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ မုန်တိုင်းသည် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ အတွင်း နိုင်ငံမြောက်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်သော မုန်တိုင်းများအနက် အားအပြင်းဆုံးမုန်တိုင်း ဖြစ်သည်။

ယင်းမုန်တိုင်းကြောင့် အိမ်ခြေပေါင်း ၃,၃၀၀ နီးပါးအပြင် ကောက်ပဲသီးနှံ စိုက်ပျိုးမြေ ဟတ်တာ ၁၂၀,၀၀၀ ကျော်၊ သစ်သီးဝလံစိုက်ပျိုးမြေ ဟတ်တာ ၅,၀၀၀ ကျော်နှင့် ငါးမွေးမြူရေး ကန်ပေါင်း ၁,၀၀၀ ကျော် ပျက်စီးဆုံးရှုးသည်ဟု ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်သည့်အပြင် ရေကြီး ခြင်းနှင့်မြေပြိုခြင်းတို့လည်း ဖြစ်ပွားခဲ့သည်။

ယာဂီမုန်တိုင်းသည် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းသို တိုက်ခတ်ရာ လူငါးဦး သေဆုံးပြီး ဖိလစ်ပိုင်တွင် တိုက်ခတ်ရာ လူ ၂၀ ဦး သေဆုံးခဲ့ကြောင်းနှင့် ရာပေါင်းများစွာ ဒဏ်ရာရရှိကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

ရွှေကျွန်းသူ

Telegram»…
https://t.me/positiveanglenews

PAN