ဘားအံမြို့နယ်၊ ကော့ဝါးဆူးကျေးရွာတွင်နေထိုင်သော ရာအိမ်မှူး ဇနီးမောင်နှံ သတ်ဖြစ်ခံရ


(ပြည်တွင်း) ဩဂုတ် ၂၈

ဘားအံမြို့နယ်၊ ကော့မူးတာအုပ်စု၊ ကော့ဝါးဆူးကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က ဦးကျော်ပိ၊ အသက် ၄၇ နှစ်၊ (ဘ)ဦးဘိဘိ၊ ရာအိမ်မှူးနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်နန်းမားဆောက်၊ အသက် ၅၄ နှစ်၊ (ဘ)ဦးဘွယ်ဘူတို့ နှစ်ဦးအား နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးနေကြောင်း သိရှိရသည်။

သတင်းအရ သက်ဆိုင်ရာတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ ဦးကျော်ပိတွင် ရင်ညွန့် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက် လက်ဖဝါးစောင်း ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာနားရှေ့မှဖေါက်ဝင်၍ နားနောက်ဖေါက်ထွက် ၁ ချက် နှင့် ဒေါ်နန်းမားဆောက်တွင် ယာဒူးခေါင်းသေနတ် ဖေါက်ဝင်ဒဏ်ရာ ၂ ချက်၊ ယာမျက် လုံးအောက် ဖေါက်ဝင်၍နောက်စေ့မှ ဖေါက်ထွက် ၁ ချက်၊ ယာပါးရှပ်ထိ နားရှေ့မှဖေါက်ဝင်၍ နားနောက် ဖေါက်ထွက်ဒဏ်ရာ ၁ ချက် တို့ ရရှိပြီး သေဆုံးလျက် ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အနီးပတ်ဝန်းကျင်မှပြောချက်အရ ယနေနံနက် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဦးကျော်ပိ တို့ နေအိမ်ဘက်မှ သေနတ်သံ (၅/၆)ချက်ခန့် ကြားရကြောင်း ဦးကျော်ပိ၏ နေအိမ်ခေါင်းရင်းတွင် နေထိုင်သော ဦးအဘု နှင့် ဦးကျော်ပိ ၏ နေအိမ်ရှေ့တွင် နေထိုင်သော ဦးဖူးကျော် တို့မှ ပြောပြချက်အရသိရှိရ ပြီး နံနက် ၁၀ နာရီအချိန်ခန့်တွင် တစ်ရွာတည်းနေ သေဆုံးသူ၏ ယောက်ဖတော်စပ်သူ ထွန်းနိုင် ၃၈ နှစ်မှ ၎င်း၏ ဆိုင်ကယ်ဘယ်ထရီ အားမရှိ၍ ဦးကျော်ပိ၏ ဆိုင်ကယ်ရှိ ဆိုင်ကယ် ဘယ်ထရီနှင့် လဲလှယ်ရန် ရောက်ရှိလာစဉ် ဦးအဘုမှ ဦးကျော်ပိ နေအိမ်ဘက်မှ သေနတ်သံများကြားခဲ့ရကြောင်း ပြောပြသဖြင့် ထွန်းနိုင်မှ အိမ်ပေါ်သို့တက်ကြည့်ရာ နေအိမ်အိပ်ခန်းအတွင်းတွင် ဦးကျော်ပိ တို့ လင်မယား ၂ ဦးမှာ အထက်ပါ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရ၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်၍ ဦးကျော်ပိနှင့် ဒေါ်နန်းမားဆောက် တို့အား သေနတ်ဖြင့် ပစ်သတ်သွားသော တရားခံများအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ