အေးသာယာ နည်းပညာတက္ကသိုလ်က ပထမနှစ် ကျောင်းသားတစ်ဦး ဓါးထိုးရ၍ သေဆုံး


(မှုခင်း) ဩဂုတ် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ ရေတွင်းကြီးကျေးရွာ ကျောက်တောင်သွားလမ်းဘေး ချုံစပ်တွင် ယမနနေ့ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က အမည်မသိ လူငယ်တစ်ဦး လဲကျ သေဆုံးနေသည်ကို တွေ့ရှိကြောင်း သိရှိရသည်။

သေဆုံးသူ အမည်မသိအမျိုးသားအား တာဝန်ရှိသူများမှစစ်ဆေးရာ ၎င်းသည် အင်္ကျီအဖြူဝတ်ဆင်ထားပြီး လွယ်ထားသောကျောပိုးအိတ်အား စစ်ဆေးရာ စာအုပ် တွင် ဟိန်းထက်အောင် နည်းပညာတက္ကသိုလ် တောင်ကြီးဟု ရေးသားထားသည်ကို စစ်ဆေးတွေ့ရှိ ရပြီး သေဆုံးသူအမျိုးသား အလောင်းအားစစ်ဆေးခဲ့ရာ ဝမ်းဗိုက်တွင် ထိုးသွင်း ဒဏ်ရာ ၂ ချက်၊ ကျောဘက်တွင် ထိုးသွင်း ဒဏ်ရာ ၂ ချက်၊ နားအောက်တွင် ထိုးသွင်းပြတ်ရှ ဒဏ်ရာ ၁ ချက် တို့ဖြင့်သေဆုံးနေသည်ကို တွေ့ရှိကြောင်း သိရှိရသည်။

အခင်းဖြစ်နေရာအနီး တောင်ယာလုပ်ကိုင်နေသူ မောင်ချွန်း၊ အသက် ၃၆ နှစ်၊ ရေတွင်းကြီးကျေးရွာနေသူ၏ ပြောပြချက်အရ၎င်းသည် ၎င်း၏ တောင်ယာ၌ ရှိနေစဉ် ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် လူငယ် ၂ ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်လာပြီး အခင်းဖြစ်နေရာအရောက်တွင် ဆိုင်ကယ်မှာ တိမ်း မှောက်သွားခဲ့ပြီး အဆိုပါလူငယ် ၂ ဦးမှ စကားများရန်ဖြစ်ကြပြီး လူငယ် ၂ ဦးအနက် တစ်ဦးမှာရှေ့သို့ ထွက်ပြေးသွားပြီး တစ်ဦးမှာ နောက်မှလိုက်၍ ဆိုင်ကယ် တိမ်းမှောက်သည့် နေရာနှင့်ကိုက်(၅၀)ကျော်ခန့်နေရာတွင် ရောက်ရှိခဲ့ကြကြောင်း၊ မိနစ်(၂၀)ခန့်အကြာတွင် လူငယ်တစ်ဦးမှ ဆိုင်ကယ် တိမ်းမှောက်နေသည့် နေရာသို့ ရောက်ရှိလာပြီး ဆိုင်ကယ်နှင့်အတူ ကျောက်တောင် လမ်းအတိုင်း ညောင်ရွှေ-အေးသာယာသွား မိန်းလမ်းမဘက်သို့ မောင်းနှင် သွားသည်ကိုတွေ့ရှိ ရကြောင်း ၎င်း၏ပြောပြချက်အရ သိရှိရသည်။

သေဆုံးသူနှင့် ပတ်သက်၍ စစ်ဆေးရာသေဆုံးသူမှာ ဟိန်းထက်အောင်၊ အသက် ၁၉ နှစ်၊ (ဘ)ဦးစိုင်းခွန်ဖ၊ နည်းပညာ(ပထမနှစ်)၊ Information Technology(အေးသာယာ)၊ စိုက်ပျိုးကျေးရွာ၊ တိလောကျေးရွာအုပ်စု၊ ညောင်ရွှေမြို့နယ်တွင် နေထိုင်ပြီး နည်းပညာတက္ကသိုလ် (အေးသာယာ)တွင် တက်ရောက်နေသည့် ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိရှိရပြီး ၎င်းအားသေဆုံအောင် ပြုလုပ်သွားသူအား ရှာဖွေဖမ်းဆီးခဲ့ရာ တရားခံအမျိုးသားမှာ ဘုန်းနိုင်၊ အသက် ၂၀ နှစ်၊ (ဘ)ဦးအောင်ထွန်းဦး၊(ပ)နှစ်(နည်းပညာတက္ကသိုလ်(တောင်ကြီး))၊ အမှတ်(၄၇၃)၊ နယ်မြေ(၈/က ၂)၊ ရပ်ကွက်(၈)၊ အေးသာယာမြို့ နေသူအား ဖမ်းဆီးရမိခဲ့‌ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ