သရက်ချောင်းမြို့နယ်တွင် ကိုယ်ဝန် ၇ လ ရှိသည့်ကျောင်းဆရာမအပါအဝင် ကျောင်းဆရာမ ငါးဦးကို PDFက ဖမ်းဆီးထား

(ပြည်တွင်း) ဇူလိုင် ၆

အကြမ်းဖက်သောင်းကျန်းသူများဖမ်းဆီးသွားသည့် တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ဆိတ်ချောင်းကျေးရွာမှ မူလတန်းကျောင်း ဆရာဆရာမ ၅ ဦးထဲတွင် ကိုယ်ဝန် ၇ လ ရှိသူ ဆရာမတစ်ဦးလည်းပါဝင်နေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

သရက်ချောင်းမြို့နယ် ဆိတ်ချောင်းကျေးရွာမှ မူလတန်းကျောင်းတွင် ပညာသင်ကြားပေးနေကြသည့် ကျောင်းဆရာမ ၅ ဦးကို PDF အကြမ်းဖက်သောင်းကျန်းသူများမှ ဇွန် ၂၆ ရက်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံများ၏ပြောဆိုချက်များအရ ကျောင်းဆရာ ဆရာမများအား “ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့” အမည်ရှိသည့် အကြမ်းဖက်သောင်းကျန်းသူများမှ ဖမ်းသွားခဲ့ခြင်းဖြစ်ပြီး ကျောင်း ဆရာ ဆရာမ ငါးဦးကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုမသိရှိရကြောင်း သိရသည်။

ကျောင်းဆရာမများ ဖမ်းဆီးခံရခြင်းမှာ ယနေ့ ဇူလိုင်လ ၆ ရက်နေ့ဆိုလျှင် ၁၀ ရက်တာကာလ ရှိခဲ့သော်လည်း ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေ (IHL) အရ စာသင်ကျောင်းများကို မည်သည့်စစ်ရေး ရည်ရွယ်ချက်အတွက်မဆို အသုံးမပြုရန်၊ ကျောင်းသားများ၊ ဆရာ/မများနှင့် ပညာရေးတွင် ပါဝင်သည့် အခြားသူများကို တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနှောင့်အယှက်ပေးခြင်း သို့မဟုတ် အခြားအကြမ်းဖက်မှုများကို ကျူးလွန်ခြင်း မပြုလုပ်ရန် တားမြစ်ထားသည်။

#PAN