အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ထပ်မံရွှေ့ဆိုင်းခဲ့

နိုဝင်ဘာ ၂၁

      အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) ဟာ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ထပ်မံရွှေ့ဆိုင်းခဲ့ပြီး ၂၀၂၄- ၂၀၂၅ ရာသီမှသာ ကျင်းပတော့မှာဖြစ်တယ်လို့  သိရပါတယ်။ AFF ဟာ မူလက အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၃- ၂၀၂၄ ရာသီအဖြစ် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံပေါင်း ၁၀ နိုင်ငံမှ အသင်း ၁၄ သင်းနဲ့  ၂၀၂၃ ခုနှစ် ဩဂုတ်လက‌နေ ၂၀၂၄ ခုနှစ် မေလအထိ ကျင်းပသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

        အဆိုပါပြိုင်ပွဲကို  ၂၀၂၃- ၂၀၂၄ ရာသီ အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ Play-off အဖြစ် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းနိုင်ငံ လေးနိုင်ငံမှ အသင်းလေးသင်းကို ယှဉ်ပြိုင်ကစားစေမှာဖြစ်ပြီး နှစ်သင်းမှာ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ တက်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။

      စင်ကာပူ၊ ဖိလစ်ပိုင် နိုင်ငံများမှ တစ်သင်းစီနှင့် ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား နိုင်ငံများမှ နှစ်သင်းစီ ပေါင်း ၁၀  သင်းမှာ Play-off အဆင့်မှ တက်လာ မည့် နှစ်သင်းနှင့်ပေါင်း၍ နောက်ဆုံးအဆင့်မှ ကစားခွင့်ရမည်ဖြစ်ပြီး ခြောက်သင်း၊ နှစ်အုပ်စုခွဲ၍ ကျင်းပမှာ ဖြစ်ပါ တယ်။ ယခုအခါ AFF ဟာ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ကျင်းပဖို့ လျာထား တယ်လို့ သိရပါတယ်။

#PAN