ညောင်ဉီးမြို့နယ်၊အားကစားကွင်းအနီးတွင် ဘောလုံးပွဲလုံခြုံရေး လှည့်ကင်းဆောင်ရွက်လျက်ရှိ သည့် တပ်မတော်ယာဉ်အား အကြမ်းဖက်အဖွဲ့မှ Romote မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

စက်တင်ဘာ ၄

ညောင်ဉီးမြို့နယ်၊အမှတ်(၅)ရပ်ကွက်၊ရွှေစည်းခုံဘုရားကားကွင်း ရဲစခန်း၏ အနောက်ဘက် ၅ဖာလုံ ခန့်အကွာတွင် ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ညောင်ဉီးမြို့နယ်၊စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလားဘောလုံးပြိုင်ပွဲအား သြဂုတ် ၁၄ ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်နေ့အထိ နေ့စဉ် ညနေ ၄ နာရီမှ ၆ နာရီ အချိန်အတွင်း ကျေးရွာ ၁၄ရွာမှ ဘောလုံးအသင်းများ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်းသိရသည်။

ယနေ့ စက်တင်ဘာ ၄ ရက်နေ့တွင် ရွာသာအေးကျေးရွာနှင့်ဘောလုံးကျွန်းကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားလျက်ရှိရာ ဘောလုံးပွဲ အပြင်လုံခြုံရေးအတွက် တပ်မတော်စစ်ကြောင်းနှင့်ပြည်သူ့စစ်အဖွဲ့တို့ ယာဉ်တင်လှည့်ကင်းဆောင်ရွက်နေစဉ် ညောင်ဉီးမြို့နယ် အားကစားကွင်း၏အပြင်ဘက် ပေ ၃၀၀ခန့်အကွာ အရောက်တွင် တပ်မတော်စစ်ကြောင်း စီးနင်းလာသော ယာဉ်၏ယာဘက်ဘေးမှ အကြမ်းဖက်သမားများ ထောင်ထားသည့် Remote မိုင်းပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်း မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် တပ်ကြပ် အောင်စိုးမိုးတွင် ဝဲ-ရင်ဘတ် ထိမှန်ဒဏ်ရာ ၂ချက်၊ဝမ်းဗိုက် ပွင့်ထွက်ဒဏ်ရာ ၁ချက်(စိုးရိမ်ရ)၊တပ်သား သိန်းဇော်ဝင်းတွင် ယာ-ပုခုံး ညှပ်ရိုးအောက် မိုင်းစထိမှန်ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)၊တပ်သား ဖြိုးဝေလင်းတွင် ဝဲဘက် ရင်အုံ မိုင်းစထိမှန်ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)၊မသင်းမြတ်စိုး၊၂၂နှစ်၊(ဘ)ဉီးတင်မျိုးလွင်၊အင်းတဲကျေးရွာ၊တောင်သာမြို့နယ်နေသူတွင် ယာ-လက်ဖမိုး မိုင်းစထိမှန်ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)တို့ ရရှိခဲ့ပြီး လုံခြုံရေး မော်တော်ယာဉ် TATA အမျိုးအစား မော်တော်ယာဉ်မှာ ယာဘက် ရှေ့/နောက်တာယာကွဲ၊ကားယာဘက်ခြမ်း နောက်ကြည့်မှန်ကွဲ၊ကားရှေ့တံခါး စပန်နာစများထိမှန်၊ကားမိုးကာ စုတ်ပြဲ၊ကားယာဘက်ခြမ်း နောက်မီးခွက်များကွဲ၊ယာဘက်ခြမ်း ကားဘော်ဒီ မိုင်းစထိမှန် ပေါက်ပြဲချိုင့်ဝင်များဖြင့် ပျက်စီးခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာ ရရှိသူများအား ညောင်ဉီးခရိုင် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ရာ တပ်ကြပ် အောင်စိုးမိုးမှာ ညနေ ၄နာရီခွဲ အချိန်တွင် ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

#PAN