
(ပြည်တွင်း) ဇူလိုင် ၁၀
အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြား သုံးပတ်နီးပါးကြာ ထိန်းထားနိုင်ခဲ့သည့် ယာယီအပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီးနောက်၊ နှစ်ဖက်စလုံးက အပြင်းအထန် အပြန်အလှန်ဗုံးကြဲတိုက် ခိုက်မှုများ ပြန်လည်စတင်လိုက်သဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် စစ်မီးတစ်ကျော့ပြန် တောက်လောင်လာရာ အဓိက ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်နိုင်ငံက တင်းမာမှုများကို ချက် ချင်းထိန်းသိမ်းကြရန် အရေးပေါ်တိုက်တွန်းလိုက်သည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် သဘောထားထုတ်ပြန်ရာ၌ “တစ်ကျော့ပြန် ပဋိပက္ခဖြစ်ပွားခြင်းသည် မည်သူ့အတွက်မျှ အကျိုးမရှိပါ” ဟု သတိပေးခဲ့ပြီး၊ ပြီးခဲ့သည့် ဧပြီလက မိမိတို့ ကြားဝင်စေ့စပ်ပေးခဲ့သည့် ‘အစ္စလာမ်မာဘတ် နားလည်မှုစာချွန်လွှာ (MoU)’ အတိုင်း ကတိကဝတ်များကို အလေးထားလိုက်နာရန် တိုက်တွန်းခဲ့သည်။
အဆိုပါ ပါကစ္စတန်၏ တိုက်တွန်းချက်မထွက်ပေါ်မီ နာရီပိုင်းအလိုတွင် အမေရိကန်စစ်တပ်က အီရန်နိုင်ငံရှိ ကမ်းရိုးတန်းရေဒါစခန်းများ၊ ဒုံးကျည်နှင့် ဒရုန်းသိုလှောင်ရုံများအပါအဝင် စစ်ရေးပစ်မှတ် ၉၀ ခန့်ကို ဒုတိယမြောက်ညအဖြစ် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယင်းကို တုံ့ပြန်သည့်အနေဖြင့် အီရန်တော်လှန်ရေး အစောင့် တပ်ဖွဲ့ (IRGC) ကလည်း ကူဝိတ်နှင့် ဘာရိန်းနိုင်ငံတို့တွင် အခြေ စိုက်ထားသည့် အမေရိကန်စစ်စခန်းများကို ဒုံးကျည်၊ ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သလို ကာတာနိုင်ငံရှိ စစ်စခန်းတစ်ခုဆီသို့လည်း ဒရုန်းများလွှတ်တင်ခဲ့သည်။ အီရန်ဘက်က လေတပ်နှင့် ရေတပ်သား ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယခုတင်းမာမှုသည် အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားအတွင်း ကာတာပိုင်ရေနံတင်သင်္ဘောအပါအဝင် ကုန် သွယ်ရေးသင်္ဘော ၃ စီးကို တိုက်ခိုက်ခဲ့ပြီးနောက် စတင်ခဲ့ခြင်းဖြစ်သည်။ ဝါရှင်တန်က အီရန်ရေနံတင်ပို့မှုအပေါ် ပိတ်ဆို့မှုများ ချက်ချင်းပြန်လည်ချမှတ်ခဲ့သည်။
နေတိုး (NATO) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အပစ်အခတ်ရပ်စဲရေး “ပြီးဆုံးသွားပြီ” ဟု ကြေညာခဲ့ပြီး အီရန်ခေါင်း ဆောင်များကို “အောက်တန်းစားများ” ဟု ပြင်းထန်စွာဆဲဆိုကာ အီရန်၏ အဓိကရေနံတင်ပို့ရာဂိတ်ဖြစ်သည့် ခါ့ဂ်ကျွန်းကို ဗုံးကြဲမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထို့ပြင် အီရန်ဘက်က သဘောတူညီချက်ရယူရန် ဖုန်းဆက်လာသော်လည်း ဆွေးနွေးရန် ထိုက်တန်မှုမရှိကြောင်းနှင့် မိမိကိုယ်ကို အီရန်၏ “နံပါတ်တစ်” လုပ်ကြံမည့် ပစ်မှတ်အဖြစ် သတ်မှတ်ထားဆဲဖြစ်ကြောင်း ထရန့်က ဆိုသည်။
ယခုတိုက်ခိုက်မှုများသည် ဖေဖော်ဝါရီလက အမေရိကန် – အစ္စရေးတို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရသည့် အီရန်ဘာသာရေးခေါင်းဆောင်ကြီး အလီခါမေနီအတွက် အီရန်က တစ်ပတ်ကြာ ဈာပနအခမ်းအနားများ ကျင်းပနေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။
စစ်မီးကျယ်ပြန့်လာမှုအပေါ် ကာတာဝန်ကြီးချုပ်က နှစ်ဖက်စလုံး သံတမန်လမ်းကြောင်းအတိုင်းသွားရန် တိုက်တွန်းခဲ့ပြီး ၎င်းတို့ပိုင်နက်ထဲ ဒရုန်းဖြင့် အတိုက်ခံရမှုကို ရှုတ်ချခဲ့သည်။ ကူဝိတ်ကလည်း ၎င်းတို့ပိုင်နက်တိုက်ခိုက်ခံရမှုကို “အချုပ်အခြာအာ ဏာအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု” ဟု ဆိုကာ ကန့် ကွက်ခဲ့သည်။
ပါကစ္စတန်သံတမန်ဟောင်း ဂျောင်ဟာ ဆာလင်းက လက်ရှိကြားဝင်စေ့စပ်ရေးလုပ်ငန်းစဉ်မှာ အလွန်နုနယ်ပြီး ပြိုလဲလုနီး ပါး ဖိအားအောက် ရောက်နေကြောင်း၊ အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြား လွတ်လပ်စွာသွားလာခွင့်ကို လက်ခံရမည်ဖြစ်ပြီး၊ အမေရိကန်အနေဖြင့်လည်း အငြင်းပွားဖွယ်စကားလုံးများ သုံးနှုန်းခြင်းကို ဆင်ခြင်ရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ သို့သော်လည်း အဆုံး စွန်တွင် ပင်မဇာတ်ဆောင်နှစ်ဦးစလုံး၏ ပူးပေါင်းဆောင် ရွက်မှုမရှိပါက ငြိမ်းချမ်းရေးရရန် ခက်ခဲလိမ့်မည်ဖြစ် ကြောင်း သုံးသပ်ထားကြသည်။
Telegram»…
https://t.me/positiveanglenews
#PAN