
(ပြည်တွင်း) ဇူလိုင် ၁၀
နိုင်ငံတော်စီးပွားရေး အားကောင်းမောင်းသန်ဖြစ်စေရန် ရည် ရွယ်၍ အိမ်နီးချင်းနိုင်ငံများနှင့် ချိတ်ဆက်အကောင် အထည်ဖော်နေသည့် အဓိက ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကြီးများကို နိုင်ငံ ရေး၊ စီမံခန့်ခွဲရေး၊ ကာကွယ်ရေးနှင့် စီးပွားရေးဟူသော ရှု ထောင့်လေးခုဖြင့် စေ့စေ့စပ်စပ် ဆန်းစစ်ရမည်ဖြစ်ပြီး၊ အားသာချက်နှင့် အားနည်းချက် နှစ်ရပ်စလုံးကို ပြည့်ပြည့်ဝဝ နားလည်ထားရန် လိုအပ်ကြောင်း သမ္မတ ဦးမင်းအောင်လှိုင်က ညွှန်ကြားလိုက်သည်။
နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး (IMT Highway) နှင့် ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (Kaladan Project)ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် သမ္မတက ထိုသို့ အလေးအနက် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် နိုင်ငံတော်စီမံကိန်း၊ ရင်းနှီးမြှုပ် နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့က သမ္မတ ၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း ထွက်ပေါ်ခဲ့သည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်များ၊ ကုလားတန်စီမံ ကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း (IMT) လမ်းမကြီးစီမံကိန်း နောက်ခံသမိုင်းကြောင်းများ၊ မဟာမဲခေါင်ဒေသခွဲ (GMS) စင်္ကြံတွင် ပါဝင်မှု၊ ဘဏ္ဍာငွေစီမံမှု၊ အကောင် အထည်ဖော်မှု တိုးတက်မှုများနှင့် စစ်တွေကုလားတန်နိုင်ငံတကာဆိပ် ကမ်း လုပ်ငန်းလည်ပတ်မှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပြီး ဒုတိယသမ္မတ ဦးညိုစောနှင့် တက်ရောက်လာသူများက ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

သမ္မတက မြန်မာနိုင်ငံသည် အိမ်နီးချင်း ၅ နိုင်ငံနှင့် ထိစပ်နေပြီး ကုန်းလမ်း၊ ရေလမ်း ချိတ်ဆက်မှုများသည် နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုအတွက် ဗဟိုချက်ဖြစ်ကြောင်း၊ ယခင်အစိုးရအဆက် ဆက်က စတင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကြန့် ကြာနေခဲ့သည့် စီမံကိန်းများကို ယခုအစိုးရသက်တမ်းအတွင်း အမြန်ဆုံး ပြီးစီးနိုင်ရေး ဦးစားပေး လုပ်ဆောင်နေခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။
မုံရွာ-ယာကြီး-ကလေး-တမူး လမ်းကြောင်းသည် အိန္ဒိယမြောက်ပိုင်း ပြည်နယ် ၆ ခုနှင့် ချိတ်ဆက်ကာ ရင်းနှီးမြှုပ်နှံ မှု အခွင့်အလမ်းများစွာ ပေးနိုင်မည်ဖြစ်သလို၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှတစ်ဆင့် တရုတ် (ယူနန်၊ စိချွမ်း)၊ ထိုင်း၊ လာအိုတို့နှင့် ကုန် သွယ်မှု တိုးချဲ့နိုင်မည်ဖြစ်သည်။
ထို့အပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နှင့် ချိတ် ဆက်ထားပြီး လက်ရှိ ဆိုင်းငံ့ထားရသည့် မဟာဗျူဟာမြောက် အဝေးပြေးလမ်းမကြီး စီမံကိန်းများကိုလည်း အမြန်ဆုံး ပြန် လည်စတင်ရန်နှင့် ပဲခူး၊ ဖားအံ၊ ကော့ကရိတ်၊ မြဝတီ-ထိုင်းနယ်စပ် အဝေးပြေးလမ်းပိုင်းများကို စနစ်တကျ စီမံခန့်ခွဲရန် ညွှန်ကြားခဲ့သည်။
နိုင်ငံတော်တိုးတက်မှုအတွက် ဆောက်လုပ်ထားသည့် မဟာ ဗျူဟာမြောက် အဝေးပြေးလမ်းမကြီးများကို တရားမဝင်ကုန်သွယ်မှုအတွက် အလွဲသုံးစားမပြုနိုင်စေရန် ထိရောက်စွာ ကြီး ကြပ်ကွပ်ကဲရန် သမ္မတက အလေးအနက် သတိပေးခဲ့သည်။
နယ်စပ်စစ်ဆေးရေးစခန်းများနှင့် ပတ်သက်၍လည်း နယ်စပ်စီမံခန့်ခွဲမှုကို သက်ဆိုင်ရာ အိမ်နီးချင်းနှစ်နိုင်ငံအစိုးရများကသာ လုံးဝတာဝန်ယူရမည်ဖြစ်ပြီး၊ မည်သည့်အဖွဲ့အစည်း သို့မဟုတ် တတိယနိုင်ငံကမျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိစေရကြောင်း၊ စခန်းများတွင် ဝန်ထမ်းအိမ်ရာ၊ ဆက်သွယ်ရေး၊ ရေ၊ မီးနှင့် လုံ ခြုံရေးတို့ကို စနစ် တကျ ထည့်သွင်းစီမံရန် လိုအပ်ကြောင်း ထည့် သွင်းညွှန်ကြားခဲ့သည်။
လုံခြုံရေးအခြေအနေများ ကောင်းမွန်လာသည်နှင့်အမျှ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများကို တပြိုင်တည်း အရှိန်မြှင့်လုပ်ဆောင်ပြီး လက်ရှိအစိုးရသက် တမ်းအတွင်း အပြည့်အဝပြီးစီးရန် သက်ဆိုင်ရာကဏ္ဍအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
Telegram»… https://t.me/positiveanglenews
#PAN