(မှုခင်း) နိုဝင်ဘာ ၂၇
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယနေ့ နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက ယာဉ်တိုက်ခံရမှုကြောင့် အသက် ၇၀ ခန့်ရှိ အမည်မသိအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တိုက်မိသည့်ယာဉ်မှာ ထွက်ပြေးသွားသဖြင့် ယာဉ်နှင့် ယာဉ်မောင်းကို ဖော်ထုတ်နိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ နံနက် ၆ နာရီခန့်တွင် နေပြည်တော်မှ မန္တလေးသို့ သွားသည့် အမြန်လမ်းမကြီး မိုင်တိုင် ၃၄၅/၆ နှင့် ၃၄၅/၇ ကြား၊ အရှေ့ဘက်မြေသားလမ်းပေါ်၌ ယာဉ်တိုက်ခံထားရသည့် အမျိုးသားတစ်ဦးကို ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သေဆုံးသူမှာ အသက် ၇၀ ခန့်ရှိ အမည်မသိအမျိုးသားဖြစ်ပြီး ရုပ်အလောင်းကို တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးသွားသည့် ယာဉ်အမျိုးအစား၊ ယာဉ်မောင်းနှင့် ယာဉ်အမှတ်တို့ကို ဖော်ထုတ်နိုင်ရေး အမှုဖွင့်စုံစမ်းလျက်ရှိသည်။
အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အမြန်လမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပါက အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏ စစ်ဆေးအတည်ပြုမှုကို ခံယူရန် လိုအပ်ကြောင်း သတိပေးထားသည်။
အမြန်လမ်းမကြီးများဥပဒေ အခန်း (၇)၊ ပုဒ်မ (၁၃) အရ အမြန်လမ်းပေါ်တွင် သွားလာခွင့်မပြုသည့် ယာဉ်များ၊ လူနှင့် တိရစ္ဆာန်များ ဖြတ်သန်းသွားလာခြင်းကြောင့် ထိခိုက်မှု သို့မဟုတ် သေဆုံးမှုဖြစ်ပွားပါက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်သည့် ယာဉ်မောင်းတွင် တာဝန်မရှိစေရဟု ပြဋ္ဌာန်းထားကြောင်း ဖော်ပြထားသည်။
သို့သော် ယာဉ်တိုက်မှုဖြစ်စဉ်များတွင် တိုက်ခံရသူသည် အမြန်လမ်းမကြီးများဥပဒေကို ချိုးဖောက်ခြင်းရှိ၊ မရှိနှင့် ယာဉ်မောင်းသူက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအတိုင်း မောင်းနှင်ခဲ့ခြင်းရှိ၊ မရှိကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့က စစ်ဆေးအတည်ပြုပေးရမည်ဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်ပါက အမြန်လမ်းမကြီးများဥပဒေ၏ အကာအကွယ်ကို ရရှိမည်မဟုတ်ဘဲ အခြားလမ်းများတွင် ဖြစ်ပွားသည့် ယာဉ်တိုက်မှုများကဲ့သို့ ပြစ်မှုပြစ်ဒဏ်များ ခံရနိုင်ကြောင်းလည်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က သတိပေးထားသည်။

Telegram – t.me/positiveanglenews
#PAN