ကလော-အောင်ပန်းလမ်းတွင် Fuso ခြောက်ဘီးယာဉ်တိမ်းမှောက်ပြီး ယာဉ်မောင်းတစ်ဦး စိုးရိမ်ရဒဏ်ရာရ

(မှုခင်း) နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ကလော-အောင်ပန်းသွားလမ်းမကြီးတွင် Fuso အမျိုးအစား ခြောက်ဘီးယာဉ်တစ်စီး လမ်းဘေးရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းတစ်ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည် နိုဝင်ဘာ ၂၆ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ကလောမြို့နယ်၊ လွယ်အံ့ကျေးရွာအုပ်စု၊ ကလော-အောင်ပန်းသွားလမ်းမကြီး မိုင်တိုင်အမှတ် (၇၆/၀) နှင့် (၇၆/၁) ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အောင်ပန်းမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် အဖြူရောင် Fuso အမျိုးအစား ခြောက်ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ညာဘက်ခြမ်းရှိ ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အောင်ပန်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ည ၁၁ နာရီ ၃၀ မိနစ်တွင် စိုးရိမ်ရဒဏ်ရာရရှိထားသည့် အမျိုးသားယာဉ်မောင်းတစ်ဦးကို ယာဉ်အတွင်းမှ ကယ်ထုတ်နိုင်ခဲ့ပြီး အောင်ပန်းနာရေးကူညီမှုအသင်းပိုင် သူနာတင်ယာဉ်ဖြင့် ကလောမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN