ပုသိမ်ကြီးမြို့နယ်တွင် သေနတ်ဖြင့် ပစ်ခတ်လုယက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး၊ နှစ်ဦး စိုးရိမ်ရဒဏ်ရာရ

(မှုခင်း) နိုဝင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာနှင့် လိန်ပင်ကျေးရွာတို့တွင် နိုဝင်ဘာ ၅ ရက်က သေနတ်ဖြင့် ပစ်ခတ်လုယက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦး စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၅ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်တွင် အမည်မသိအမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့် ရန်ကင်းတောင်ကျေးရွာ၊ ရွာမြောက်ပိုင်း ကားလမ်းဘေးရှိ ထာဝရဖုန်းဆိုင်သို့ သေနတ်ကိုင်ဆောင်ကာ ဝင်ရောက်ပြီး “ငါပျူစောထီး” ဟု ပြောဆို၍ ငွေတောင်းခံခဲ့ကြောင်း သိရသည်။

ဆိုင်ရှင် မဖြူစင်မှာ ကြောက်လန့်၍ ဆိုင်နောက်သို့ ထွက်ပြေးခဲ့ရာ ခင်ပွန်းဖြစ်သူ ကိုအောင်မျိုးသန့်က ထွက်လာပြီး မေးမြန်းခဲ့သဖြင့် အမည်မသိအမျိုးသားက ကိုအောင်မျိုးသန့်အား သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် ကိုအောင်မျိုးသန့်မှာ ဦးခေါင်းတွင် စိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ထို့နောက် သေနတ်သမားမှာ ၎င်းစီးနင်းလာသည့် ဆိုင်ကယ်ဖြင့် လိန်ပင်ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ရာ ကိုအောင်မျိုးသန့်၏ ဦးလေးဖြစ်သူ ကိုမောင်နှင့် ဦးပေလုံးတို့က TOYOTA ယာဉ်ဖြင့် လိုက်လံခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာအုပ်စု၊ လိန်ပင်ကျေးရွာ၊ ရွာလယ်လမ်းတွင် သေနတ်သမား၏ ဆိုင်ကယ်ကို တွေ့ရှိခဲ့ရာ ၎င်းက ဆိုင်ကယ်ပေါ်မှ ခုန်ချပြီး ယာဉ်ရှေ့သို့ ထိုးရပ်ကာ ကိုမောင်နှင့် ဦးပေလုံးတို့အား သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့သည့်အပြင် ယာဉ်ပေါ်သို့ လက်ပစ်ဗုံးတစ်လုံး ပစ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သေနတ်သမားသည် လိန်ပင်ကျေးရွာ၊ ရွာလယ်လမ်းအနီးရှိ မထက်ယုအောင်၏ နေအိမ်သို့ သွားရောက်ပြီး ၎င်းအား သေနတ်ဖြင့် ချိန်ရွယ်ကာ မထက်ယုအောင်ပိုင်ဆိုင်သည့် ၄၅ယ/၇၇၂၄၉ DAYAN အမျိုးအစား ခဲရောင်နှင့် အနက်ရောင် ဆိုင်ကယ်ကို လုယက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရွာလယ်လမ်းမှ ရေကြည်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

သေနတ်ထိမှန်ဒဏ်ရာရရှိသူ ကိုအောင်မျိုးသန့်၊ ကိုမောင်နှင့် ဦးပေလုံးတို့အား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ကိုအောင်မျိုးသန့်မှာ ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ကိုမောင်နှင့် ဦးပေလုံးတို့မှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။

အဆိုပါ သေနတ်သမားကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းစစ်ဆေးလျက်ရှိပြီး သေနတ်သမားစီးနင်းလာသည့် ဆိုင်ကယ်နှင့် တူးဘောက်အတွင်းမှ ဆိုင်ကယ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

Telegram – t.me/positiveanglenews

#PAN