

(မှုခင်း) နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်အတွင်းရှိ Lwin Mobile Phone ဆိုင်နှင့် Pro Solar Energy & LED Lighting အရောင်းဆိုင်တို့အား သေနတ်ဖြင့် ပစ်ခတ်လုယက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ပါဝင်သူ ၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က တရားခံများဖမ်းဆီးရမိရေးအတွက် CCTV မှတ်တမ်းများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တရားခံမှာ နေလင်းအောင်၊ အသက် ၂၇ နှစ်၊ (ဘ) ဦးကျော်ဆန်း၊ အရှေ့ကန်ကောက်ရပ်ကွက်၊ ပုသိမ်ကြီးမြို့နယ်နေသူဖြစ်ကြောင်း သိရှိရသဖြင့် နိုဝင်ဘာ ၅ ရက်၊ မွန်းလွဲ၃နာရီ၁၅မိနစ်အချိန်တွင် ၎င်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှာဖွေစစ်ဆေးမှုအတွင်း နေအိမ်မှ ပစ္စတိုအိတ် ၁ လုံး၊ စကားပြောစက် ၃ လုံး၊ အကြမ်းဖက်ဦးထုပ် ၁ လုံးနှင့် ပြောက်ကျားအင်္ကျီ ၆ ထည်တို့ကို တွေ့ရှိခဲ့ပြီး ကျော်ဆန်း၊ အသက် ၄၈ နှစ်၊ (ဘ) ဦးခင်မင်း၊ ဒေါ်တင့်၊ အသက် ၅၀ နှစ်၊ (ဘ) ဦးမိုးမောင်နှင့် ပန်းအိဇင်၊ အသက် ၂၈ နှစ်၊ (ဘ) ဦးမောင်ဇော်တို့ကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။