


(မှုခင်း) နိုဝင်ဘာ ၅
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၄၂/၅ နှင့် ၂၄၂/၆ ကြားတွင် ခရီးသည် ၁၉ ဦး လိုက်ပါလာသည့် YUTONG ခရီးသည်တင်ယာဉ်တစ်စီး နောက်ဘက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအကာအရံများကို ဝင်တိုက်မှုဖြစ်ပွားခဲ့သော်လည်း ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မန္တလေးမှ နေပြည်တော်သို့ သွားရာ အပြန်လမ်း၊ အမြန်လမ်းမိုင်တိုင် ၂၄၂/၅ နှင့် ၂၄၂/၆ ကြား၌ ယာဉ်မောင်းအပါအဝင် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၁၉ ဦး လိုက်ပါလာသည့် 1N-5279 နံပါတ်ပါ အညိုရောင်နှင့် ခဲရောင် YUTONG အမျိုးအစား ကောင်းမြတ်မန်းခရီးသည်တင်ယာဉ်သည် နောက်ဘက်ဝဲဘက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင် ကာရံထားသည့် အကာအရံများကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း လမ်းလယ်ကျွန်းရှိ အကာအရံများ ပျက်စီးခဲ့ကြောင်း သိရသည်။