
(နိုင်ငံတကာ) နိုဝင်ဘာ ၅
မြန်မာနိုင်ငံ၌ မူးယစ်ပြစ်မှု ကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် အဓိက တရားခံပြေးတစ်ဦးအား ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) က ဖမ်းဆီးရမိခဲ့သဖြင့် ဗန်ကောက်မြို့၊ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ အောင်မြင်စွာ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံ ကျေးရွာအနီးတွင် စိတ်ကြွဆေးပြား ၅၆ သိန်းအား စတင်ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်ချက်အရ ပူးပေါင်းပါဝင်သူ ၆ ဦးနှင့်အတူ မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ငွေကျပ် ၉ ဒသမ ၄၉ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်မှောင်ခိုဂိုဏ်းကို အဓိက စီမံခန့်ခွဲသူမှာ အောင်ဇော်မင်းခန့် (၄၂ နှစ်) ဖြစ်ပြီး ၎င်းသည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) သို့ သတင်းဖလှယ် အကြောင်းကြားခဲ့သည်။ ယင်းသို့ သတင်းဖလှယ်မှုကြောင့် အောက်တိုဘာလ ၄ ရက်နေ့တွင် တရားခံပြေး အောင်ဇော်မင်းခန့်အား ဗန်ကောက်မြို့၊ ဟွိုင်ခွမ်ခရိုင်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုဝင်ဘာလ ၃ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံ (ONCB) တားဆီးဌာနမှူး Mr. Kanison Papernon ဦးဆောင်သည့် အဖွဲ့သည် သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်လင်း ဦးဆောင်သည့် အဖွဲ့ထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှ မူးယစ်တရားခံပြေး ၁၂ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံမှ ၁ ဦးတို့ကိုလည်း အပြန်အလှန် ပူးပေါင်းလွှဲပြောင်းပေးနိုင်ခဲ့ကြောင်း သိရှိရသည်။