ရှမ်းပြည်နယ်သို့ ခရီးသွားဝင်ရောက်မှု ၁၂ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်၊ CBT ကျေးရွာ ၁၈ ရွာအထိ ဖော်ဆောင်ထားဟုဆို

(စီးပွားရေး) နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်သို့ ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုသည် ၂၀၂၆ ခုနှစ် ပထမ ၁၀ လအတွင်း ယခင်နှစ်ကာလတူထက် ၁၂ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism – CBT) အထောက်အကူပြုကျေးရွာ ၁၈ ရွာအထိ ဖော်ဆောင်ထားကြောင်း သိရသည်။

ထို့ပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျိုင်းတုံမြို့နယ်ရှိ ဝမ်ဆာကျေးရွာကို CBT အထောက်အကူပြုကျေးရွာအဖြစ် ထပ်မံတိုးချဲ့အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်၊ ခရီးသွားဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနထံမှ သိရသည်။

ရှမ်းပြည်နယ်သို့ ၂၀၂၅ ခုနှစ်တစ်နှစ်လုံးတွင် ပြည်တွင်းပြည်ပခရီးသွား ၉၃၇,၁၄၄ ဦး လာရောက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလအထိ ၁,၀၅၇,၄၁၇ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။

ခရီးသွားဝင်ရောက်မှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ် ဟိုတယ်၊ ခရီးသွားဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းဇော်၏ ပြောကြားချက်အရ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလအတွင်း နယ်စပ်ဒေသများမှတစ်ဆင့် Package Tour ဖြင့် နိုင်ငံခြားခရီးသွား ၉၇၀ ဦး လာရောက်လည်ပတ်ခဲ့သည််််ဟု ဆိုသည်။

ထို့အပြင် တောင်ကြီး၊ ညောင်ရွှေနှင့် ကလောခရီးစဉ်ဒေသများသို့ ပြည်တွင်းခရီးသွား ၆၉၉,၈၅၁ ဦးနှင့် ပြည်ပခရီးသွား ၁၆,၅၆၃ ဦး စုစုပေါင်း ၇၁၆,၄၁၄ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရှမ်းပြည်နယ်၏ ထင်ရှားသော ခရီးစဉ်ဒေသခြောက်ခုအပြင် ကျောက်တလုံး၊ ညောင်ရွှေ၊ ပင်းတယ၊ ဖယ်ခုံ၊ နောင်ချို၊ ကျိုင်းတုံ၊ တာချီလိတ်၊ ကလော၊ ရပ်စောက်နှင့် ဟိုပုံးမြို့နယ်တို့ရှိ ကျေးရွာများတွင် CBT လုပ်ငန်းများ ဖော်ဆောင်ထားသည်။

အဆိုပါကျေးရွာများတွင် ပအိုဝ်း၊ ဓနု၊ အင်း၊ ရှမ်း၊ အာခါ၊ လီဆူ၊ ပလောင်၊ ဝ၊ လားဟူနှင့် လွယ်တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာကျေးရွာများ ပါဝင်ပြီး ဒေသခံလူထုအခြေပြု ခရီးသွားလုပ်ငန်းများမှတစ်ဆင့် ခရီးသွားများ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN