တာချီလိတ်မြို့တွင် ငွေကျပ် ၇ ဒသမ ၈၄၅၃၉၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

(မှုခင်း)အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ငွေကျပ် ၇ ဒသမ ၈၄၅၃၉၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ၃နာရီခွဲ အချိန်က တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်နေ စိုင်းငင်း(ခ)အိုက်အေး နှင့် မနန်းစံဖောင်း တို့၏ နေအိမ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်းအဆီရည် ၂၆.၁၅ လီတာ(ဒေသကာလတန်ဖိုးငွေကျပ် ၇ ဒသမ ၈၄၅ ဘီလီယံ)၊ စိတ်ကြွဆေးပြား ၂၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၈၀,၀၀၀)၊ ကက်တမင်းအမှုန့် ၃၀ ဂရမ် (ဒေသကာလတန်ဖိုးငွေကျပ် ၂.၇ သိန်း)၊ အနံ့ဆေးရည် ၉ လီတာ(ဒေသကာလတန်ဖိုးငွေကျပ် ၄၅,၀၀၀)နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးမိသည့် တရားခံ စိုင်းငင်း(ခ)အိုက်အေး(၃၁)နှစ် နှင့် မနန်းစံဖောင်း(၂၉)နှစ်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN