(မှုခင်း)အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် ငွေကျပ်၂၂၂သိန်း တန်ဖိုးရှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။
အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်၇နာရီ အချိန်က နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်အနီးတွင် မော်တော်ယာဉ်များအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ စစ်ဆေးရှာဖွေစဉ် မျိုးမြင့် မောင်းနှင်ပြီး မနီလာဝင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ အလေးချိန် ၁၁၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၂၂ သိန်း)၊ စိတ်ကြွဆေးပြား ၄၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိသည့် တရားခံ မျိုးမြင့်(၄၃)နှစ် နှင့် မနီလာဝင်း(၄၂)နှစ်တို့အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN