(ပညာရေး) အောက်တိုဘာ ၁၃
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ သင်ကြားသင်ယူမှု အရည်အသွေးမြှင့်တင်ရေးနှင့် စံကိုက်ကျောင်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းက သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့သည် သထုံမြို့နယ်၊ ဇရစ်ချောင်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ငါးကြီးအင်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) နှင့် ပုတိန်ရိုး/ဖော်ဖ အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ခဲ့ကြသည်။
အဆိုပါကျောင်းများကို စံကိုက်ကျောင်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ကျောင်းဆောင်သစ်၊ ဘက်စုံသုံးခန်းမ၊ အားကစားရုံ၊ စုဝေးကွင်း၊ ဝန်ထမ်းအိမ်ရာ၊ သန့်စင်ခန်းနှင့် အမြင့် ၁၄ ပေ၊ ရေဂါလန် ၄၀၀ ဆံ့ ရေစင်တို့ တည်ဆောက်ဆောင်ရွက်မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပုတိန်ရိုး/ဖော်ဖ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်လျက်ရှိသည့် အလျား ၉၀ ပေ၊ အနံ ၃၀ ပေရှိ တစ်ထပ် RCC သိပ္ပံဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်ကိုလည်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် စံကိုက်ကျောင်းများတွင် ရှိရမည့် သတ်မှတ်စံနှုန်းများနှင့် အင်္ဂါရပ်များနှင့်အညီ အဆင့်မီကျောင်းများ ဖြစ်လာစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN