(ပြည်တွင်း) စက်တင်ဘာ ၃၀
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကညင်မြိုင်ကျေးရွာရှိ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အမှတ် (၅၆၅) တပ်မဟာတွင် အမှတ်စဉ် (၁)၊ အပတ်စဉ် (၈) အခြေခံစစ်သင်တန်းနှင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၉ ရက်တွင် ပြုလုပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၂၀ ကျော် သင်တန်းဆင်းခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲသို့ ကချင်ပြည်နယ်အတွင်းရှိ မဟာမိတ်တပ်ဖွဲ့များမှ အရာရှိများ၊ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့၊ SNA ကျားဖြူစစ်ကြောင်းမှ အရာရှိများနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ၊ SNA အမှတ် (၅၆၅) တပ်မဟာအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အလံတင်အလေးပြုခြင်း၊ သင်တန်းဆင်းစစ်သည်များက စစ်ရေးပြသရုပ်ဖော်တင်ဆက်ခြင်းနှင့် အလံကိုင် သစ္စာအဓိဋ္ဌာန်ပြုခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။SNA အမှတ် (၅၆၅) တပ်မဟာ ဒုတပ်မဟာမှူး ဗိုလ်မှူး စဝ်ဆေဘုန်းကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် SNA အနေဖြင့် ရှမ်းနီအမျိုးသားများ ပြည်နယ်ရရှိရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ထွန်းရေး၊ ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးတို့အပါအဝင် အခြေခံမူဝါဒ ၅ ရပ်ကို ချမှတ်ဆောင်ရွက်နေကြောင်း ပြောကြားသည်။
ထို့အပြင် ရှမ်းနီလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ပြီး ညီညွတ်မှုစွမ်းအားကို ဖော်ဆောင်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံစစ်သင်တန်းနှင့် တိုက်ခိုက်ရေးသင်တန်းကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁ ရက်မှ စက်တင်ဘာ ၂၉ ရက်အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၁၂၀ ကျော် သင်တန်းပြီးဆုံးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN